
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာမှာ ကလေးတွေအတွက် ကျောင်းဆောက်လုပ်လှူဒါန်းတဲ့ ကိုရီးယားနိုင်ငံသား ၇ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ခံဝန်ထိုးခိုင်းကာ နှင်ထုတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တက်သစ်ကျေးရွာရှိ မူကြိုကျောင်းဆောင်သစ်ဖွင့်ပွဲကို ကိုရီးယားနိုင်ငံသား ၇ ယောက် ရောက်လာချိန် စစ်တပ်၊ ရဲနဲ့ လဝက အပါအဝင် ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းဖွင့်ဖို့ လုပ်နေတဲ့အချိန်မှာ စစ်တပ်ရော၊ ရဲရော၊ ဌာနဆိုင်ရာရော ရောက်လာတာ။ ကိုရီးယားလူမျိုးတွေက ဒေသခံတွေနဲ့ ကလေးတွေ ဒုက္ခရောက်မှာစိုးလို့ ဘာတခုမှ ပြန်မပြောဘဲ ခံဝန်ထိုးပြီး ပြန်သွားတာ။ သူတို့လည်း ခဏခဏနှင်ထုတ်ခံနေရတော့ လာကူညီရဲတော့မှာ မဟုတ်ဘူး။”
ကျောင်းဆောက်လုပ်တဲ့ မြေကွက်ကို ကိုရီးယားနိုင်ငံသားတွေက ၂၀၂၄ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အဆောက်အဦကို စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်မှာ ပြီးစီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"ခွင့်မပြုဘူးဆိုရင်လည်း အစကတည်းက တားပါလား။ စဆောက်တုန်းက အုပ်ချုပ်ရေးရော၊ ဌာနဆိုင်ရာရော ငွေကြေးရယူပြီး ခွင့်ပြုထားတာ။ ကျောင်းဖွင့်ပွဲကျမှ တရားမဝင်ဆိုပြီး လာပိတ်တာတော့ ဘယ်ကောင်းမလဲ။ ထန်းတပင်မှာ ကလေးတွေနဲ့သက်ကြီးတွေအတွက် ပရဟိတလုပ်နေတဲ့ ကိုရီးယားနိုင်ငံသားအဖွဲ့တွေများတယ်။ ၈ လပိုင်းကလည်း ဒီလိုပဲ။ အေးရွာလေးမှာ ကိုရီးယားနိုင်ငံသား ၃၂ ယောက်ကို စစ်တပ်က နှင်ထုတ်ဖူးတယ်။”
နှင်ထုတ်ခံရတဲ့ ကိုရီးယားနိုင်ငံသား ၇ ယောက်မှာ LOTTE HOTEL မှာ တည်းခိုနေထိုင်ပြီး ဦးဆောင်သူမှာ Mr. LEE YOUNG CHOUN ဖြစ်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၄ ရက်ကလည်း ထန်းတပင်မြို့နယ် အေးရွာလေးမှာ ကလေးငယ်တွေကို အာဟာရကျွေးပြီး သက်ကြီးရွယ်အိုတွေကို ဆေးကုပေးနေတဲ့ ကိုရီးယားနိုင်ငံသူ KIM YOUNG SHIN ဦးဆောင်တဲ့ ကိုရီးယားနိုင်ငံသား ၃၂ ယောက်ကို စစ်တပ်နဲ့မြို့နယ်အုပ်ချုပ်ရေးက နှင်ထုတ်ခဲ့ပါတယ်။
အလားတူပင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ထန်းတပင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဆေးကုပေးနေတဲ့ ဂျပန်နိုင်ငံသား ၃ ယောက် ပါဝင်တဲ့ လူမှုကူညီရေးအဖွဲ့ကိုလည်း မြို့နယ်အုပ်ချုပ်ရေးက နှင်ထုတ်ခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။











