
မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက လူသိန်းနဲ့ချီဟာ မူးယစ်ဆေးဝါးဒဏ်ကို ကြီးကြီးမားမား ခံစားနေကြရပါတယ်။
စစ်ပွဲတွေကြောင့် ဒီဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ အဆမတန် များလာနေပါတယ်။ ဒီဒေသဟာ မြန်မာ၊ လာအိုနဲ့ ထိုင်း ၃ နိုင်ငံဆုံရာ “ရွှေတြိဂံဒေသ” ဖြစ်ပါတယ်။ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေတုန်းကတော့ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနေရာတခုပေါ့။
နောက်ပိုင်းမှာ အာဖဂန်နစ္စတန်ဘက် ရောက်သွားပေမဲ့ ၂၀၂၁ ခု အာဏာသိမ်းပြီး ပြည်တွင်းစစ်မီး ပြင်းထန်လာချိန်မှာတော့ မြန်မာနိုင်ငံက ထိပ်ဆုံးကို ပြန်ရောက်လာပါတယ်။ ဘိန်းတင်မကဘဲ မက်သာဖက်တမင်း (ယာဘစိတ်ကြွမူးယစ်ဆေး) ထုတ်လုပ်မှုတွေပါ အကြီးအကျယ် ဖြစ်ထွန်းလာတာပါ။ ဒီမူးယစ်ဆေးတွေကို ဈေးကွက်ထဲပို့ဖို့ ထိုင်းနိုင်ငံထဲကနေတဆင့် မှောင်ခိုသွင်းကြပါတယ်။
သုတေသနတွေအရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ထိုင်းမြောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲမှု ၃ ဆလောက်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားရတာကတော့ ဆင်းရဲနွမ်းပါးသူတွေနဲ့ နယ်စပ်မှာနေတဲ့ တောင်တန်းနေ တိုင်းရင်းသားတွေပါ။ အထူးသဖြင့် လားဟူတိုင်းရင်းသားတွေပေါ့။ လူဦးရေ ၃ သိန်းလောက်ရှိတဲ့ လားဟူတွေဟာ ရှမ်းပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ နေထိုင်ကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတော့ သူတို့တွေဟာ ဘိန်းခင်းတွေမှာ အလုပ်လုပ်တာ၊ မူးယစ်ဆေးတချို့ သယ်ပေးတာတွေကို လုပ်လာကြရပါတယ်။
အသက် ၇၀ အရွယ် ဂျာဝါဂျာဘို ဆိုရင် ကော်ဖီခြံက အလုပ်ဖိအားဒဏ်နဲ့ မိသားစုပြဿနာတွေကြောင့် ဘိန်း ပြန်သုံးမိခဲ့ပါတယ်။ အခုတော့ ထိုင်းနယ်စပ် မယ်အိုင်းဒေသမှာ ရိုးရာယုံကြည်မှု ဓလေ့တွေနဲ့ ဘိန်းဖြတ်ဖို့ ကြိုးစားနေရပါတယ်။ အခုတော့ သူဟာ ဘာသာရေးအကူအညီနဲ့ ဘိန်းဖြတ်ဖို့ ကြိုးစားနေပါတယ်။
နယ်စပ်နဲ့ ၆ မိုင်လောက်ဝေးတဲ့ မယ်အိုင်းဒေသမှာ ရိုးရာယုံကြည်မှုနဲ့ ဘိန်းဖြတ်တဲ့ အခမ်းအနားတခု လုပ်နေပါတယ်။ နတ်ဆရာက ဖယောင်းတိုင်မီးကို လက်နဲ့ကာပြီး ဂျာဝါရဲ့ ခြေထောက်တွေ၊ ကိုယ်လုံးတွေကို ဆုပ်နယ်ကာ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။
“မကောင်းတာတွေအားလုံး မြစ်ထဲ မျောပါစေ၊ ဘယ်တော့မှ ပြန်မလာပါစေနဲ့” လို့ နတ်ဆရာက ရွတ်ဆိုပါတယ်။ အခမ်းအနားရဲ့ အဆုံးမှာတော့ ဂျာဝါက အကာအကွယ်ဖြစ်ဖို့၊ သူ့အဓိဋ္ဌာန်သူ သတိရစေဖို့ လက်ကောက်ဝတ်မှာ ကြိုးဖြူလေးတချောင်းကို ချည်နှောင်လိုက်ပါတယ်။
ဂျာဝါက “အခမ်းအနားပြီးတော့ နာကျင်တာတွေ သက်သာသွားတယ်။ ဒီနေ့ကစပြီး ဘိန်းကို အပြတ်ဖြတ်တော့မယ်” လို့ ပြောပါတယ်။
မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းတခုမှာ ထိုင်းစစ်တပ်က ဗိုလ်ကြီး ခက်ဆိုပွန် ဟာ တပ်ဖွဲ့ဝင် ၆ ယောက်ကို ဦးဆောင်ပြီး တောလမ်းလေးအတိုင်း ကင်းလှည့်နေပါတယ်။ ချေမှုန်းရေးရိုင်ဖယ်တွေကို အသင့်ကိုင်ဆောင်ထားပါတယ်။ သူ့တပ်ဖွဲ့ဟာ မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါး မှောင်ခိုသွင်းတဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်နေတာပါ။ နယ်စပ်မှာ မှောင်ခိုသမားတွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတခုတည်းမှာတင် ၄ ကြိမ်တိတိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
လူ ၁၀ ယောက်၊ ၁၂ ယောက်လောက်ပါတဲ့ မှောင်ခိုအဖွဲ့တဖွဲ့ဆိုရင် တိုက်ပွဲဖြစ်ပြီး ထွက်ပြေးသွားရင်း ယာဘဆေးပြား ၂ ဒသမ ၂ သန်းတောင် ကျန်ခဲ့တယ်လို့ ဗိုလ်ကြီးက ပြောပါတယ်။
“ထုတ်လုပ်မှုတွေ ပိုကောင်းလာတာနဲ့အမျှ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝင်လာတာလည်း ပိုများလာတယ်” လို့ သူက ဆိုပါတယ်။
ဒီဒေသက လူတွေအတွက် ဘိန်းက စီးပွားရေးလုပ်ငန်းတခုလို ရာစုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့တာပါ။ အစိုးရအာဏာစက်လည်း သိပ်မသက်ရောက်ပါဘူး။ အခုဆိုရင် ရာဇဝတ်ဂိုဏ်းတွေက တောတောင်တွေထဲမှာ ယာဘဆေးပြားထုတ်တဲ့ စက်ရုံတွေပါ တည်ဆောက်လာကြပါတယ်။
စစ်တပ် အပါအဝင် မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများဟာ မူးယစ်ဆေးလုပ်ငန်းကနေ အကျိုးအမြတ်ရနေတယ်လို့ စွပ်စွဲခံထားရပါတယ်။ တချို့အဖွဲ့တွေကတော့ စစ်စရိတ်အတွက် မူးယစ်ဆေးလုပ်ငန်းကို လုပ်လာကြတာပါ။ ပြည်တွင်းစစ်ကြောင့် အစိုးရယန္တရားတွေ ပျက်ပြားနေချိန်မှာ မူးယစ်ဆေးထုတ်တဲ့သူတွေက ပိုပြီး လွတ်လွတ်လပ်လပ် ထုတ်လာနိုင်ကြပါတယ်။
တချိန်တည်းမှာပဲ တချို့ မူးယစ်ဆေးထုတ်တဲ့ နေရာတွေက ပိုပြီးတည်ငြိမ်မှုရှိနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် “မူးယစ်ဆေးထုတ်တဲ့ အဖွဲ့ကြီးတွေဟာ ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ နှောင့်ယှက်မှုမရှိဘဲ ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခွင့် ရနေကြတယ်” လို့ ဆိုပါတယ်။
အာဏာမသိမ်းခင် ၃ နှစ်နဲ့ အာဏာသိမ်းပြီး ၃ နှစ်ကာလကို နှိုင်းယှဉ်ကြည့်ရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပဋိပက္ခနဲ့ဆက်စပ်တဲ့ ဖြစ်စဉ်တွေဟာ ၁၇ ဆကျော် မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ဖမ်းဆီးရမိတဲ့ အကြိမ်အရေအတွက် ကျဆင်းသွားပေမဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ အိုက်စ် (crystal methamphetamine) ပမာဏကတော့ ၁၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
အာဏာသိမ်းပြီးကတည်းက ဘိန်းထုတ်လုပ်မှုဟာ ၂ ဆကျော် မြင့်တက်လာတယ်လို့ UNODC က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိန်းစိုက်ပျိုးတဲ့ မြေဧရိယာဟာ ဟက်တာ ၅၃,၀၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အများဆုံးပါပဲ။
“ပထမဆုံး နစ်နာရသူတွေကတော့ နယ်စပ်တလျှောက်မှာ နေထိုင်ကြတဲ့ လူထုပါပဲ” လို့ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒယ်လ်ဖင်းရှန့်ဇ်က AFP ကို ပြောပါတယ်။
“ထုတ်လုပ်တဲ့နေရာတွေနဲ့ နီးလေလေ၊ မူးယစ်ဆေးက ပိုပြီး ဈေးပေါလေလေပါပဲ။ အထူးသဖြင့် နယ်စပ်ဒေသက လူငယ်တွေကြားမှာ မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာနေတာကို ကျမတို့ တွေ့နေရပါတယ်။”
သုံးစွဲမှု ၃ ဆ တက်လာခြင်း
ရှမ်းပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ဒေသတွေအပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းစွန်းက ခရိုင် ၈ ခုမှာ ၂၀၂၄ ခုနှစ်အတွင်း ပြင်းထန်တဲ့ မူးယစ်ဆေးဝါးကို အနည်းဆုံးတကြိမ် သုံးစွဲဖူးသူပေါင်း ၂၉၀,၀၀၀ နီးပါး ရှိမယ်လို့ ချင်းမိုင်တက္ကသိုလ်က ထုတ်ပြန်တဲ့ သုတေသနတခုမှာ ခန့်မှန်းထားပါတယ်။
ဒါဟာ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းထက် ၃ ဆကျော် ပိုများနေတာပါ။ လူဦးရေရဲ့ ၇ ရာခိုင်နှုန်းကျော် ရှိနေပြီး ကျေးလက်နဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ သုံးစွဲမှုနှုန်း ပိုများနေပါတယ်။
မယ်အိုင်းဒေသဟာ လားဟူတိုင်းရင်းသား ၁၆,၀၀၀ နီးပါး နေထိုင်တဲ့နေရာဖြစ်ပြီး ထိုင်းနိုင်ငံမှာ သူတို့အများဆုံး နေထိုင်တဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ကျပန်းအလုပ်ကလွဲရင် ဝင်ငွေရနိုင်တဲ့ တခြားအလုပ်အကိုင် အခွင့်အလမ်း အလွန်နည်းပါးပါတယ်။ အများစုက ထိုင်းစကား မပြောတတ်ကြတာကလည်း အခြေအနေကို ပိုဆိုးစေပါတယ်။
နယ်စပ် မူးယစ်ဆေးနှိမ်နင်းရေး အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဝေါရာသက်ပ် ဘန်ယာ က “ပိုက်ဆံ အမြန်ဆုံးရတဲ့နည်းက မူးယစ်ဆေးထုတ်တာနဲ့ သယ်ယူပို့ဆောင်ပေးတာပါပဲ” လို့ ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် စစ်သီကွန် ပါလော်ဟာ မူလတန်းကတည်းက ကျောင်းထွက်ခဲ့ရပြီး မူးယစ်ဆေးမှောင်ခိုသမားဖြစ်တဲ့ ပထွေးဖြစ်သူရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရပါတယ်။ လယ်ယာအလုပ်တွေ ခဏတဖြုတ် လုပ်ပြီးတဲ့နောက်မှာတော့ သူဟာ ယာဘဆေးပြားတွေ သယ်ပေးတဲ့အလုပ်ကို စလုပ်ခဲ့ပါတယ်။
“ကျနော်က ဆေးတွေသွားယူပြီး ဖောက်သည်တွေဆီ လိုက်ပို့ပေးရတဲ့သူပါ” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေပေးပြီး ထိုင်းစာသင်ပေးတဲ့ အခြေခံလူထု အထောက်အကူပြုအဖွဲ့တခုကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ စိုက်ပျိုးရေးအလုပ်ကို ပြန်လုပ်ခဲ့ပါတယ်။ အခုဆိုရင် ကားဝပ်ရှော့လေးတခု ဖွင့်ဖို့ သူ အိပ်မက်မက်နေပါပြီ။
“ကျနော့်လမ်းကြောင်းတွေ ပြောင်းလဲဖို့ သူတို့က အားပေးခဲ့တယ်။ ပုံမှန်ဆို ကျနော်က ဘယ်သူ ပြောတာမှ နားထောင်တဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ လာပြောတဲ့အခါ အစ်ကိုတွေ၊ အစ်မတွေလို ဆက်ဆံကြတော့ ကျနော် နားထောင်ပြီး လုပ်လက်စတွေကို ရပ်လိုက်တယ်” လို့ သူက ဆိုပါတယ်။
နှစ်အတော်ကြာတည်းက လားဟူတိုင်းရင်းသား အများအပြားကို "With Loving Hearts" (မေတ္တာနှလုံးသားများဖြင့်) အဖွဲ့က ကူညီထောက်ပံ့ပေးနေခဲ့တာပါ။
ဒါပေမဲ့ တက်ကြွလှုပ်ရှားသူ လူငယ်လေး ချိုင်းယာဖွန် ပါဆယ်ကတော့ အသက် ၁၇ နှစ်အရွယ်မှာပဲ စစ်ဆေးရေးဂိတ်တခုမှာ မူးယစ်ဆေးသယ်တယ်လို့ စွပ်စွဲခံရပြီး စစ်တပ်က ပစ်သတ်တာကို ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အဖွဲ့ကို ပူးတွဲတည်ထောင်သူ ယူဖင် ဆာဂျာ ဟာ ၇ နှစ်တိုင်တိုင် တရားဥပဒေကြောင်းအရ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရပါတယ်။
“လားဟူကလေးတွေကို ပျင်းရိတယ်၊ ပညာမတတ်ဘူး၊ မူးယစ်ဆေး သုံးတယ်လို့ နာမည်ဆိုးတွေ တပ်ကြတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်မှာတော့ သူတို့လေးတွေဟာ ကိုယ့်ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် ရိုးရိုးရှင်းရှင်းပဲ ရုန်းကန်နေကြရတာပါ” လို့ သူက မှတ်ချက်ပြုပါတယ်။
Source: AFP/Daily Mail











