
မြန်မာနိုင်ငံရဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေး စီးပွားရေးဟာ ကမ္ဘာ့အရေးပါဆုံး တရားမဝင် ဓာတုမူးယစ်ဆေးဝါးဈေးကွက်ရဲ့ အဓိကဗဟိုချက် ဖြစ်လာနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော် စနစ်တကျကျူးလွန်သည့် မှုခင်းများ တိုက်ဖျက်ရေးအဖွဲ့ (GI-TOC) က ထုတ်ပြန်ပါတယ်။
“မဲခေါင်ဒေသ စိတ်ကြွဆေးစီးပွားရေး - မြန်မာနှင့် ဆက်နွှယ်နေသော ထောက်ပံ့ရေး ကွင်းဆက်များနှင့် နယူးဇီလန်၊ ဩစတြေးလျတို့အတွက် အန္တရာယ်” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။
ရှမ်းပြည်နယ်နဲ့ ဆက်စပ်ဒေသတွေကနေ ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ အာဆီယံဒေသတွင်းရှိ ဈေးကွက်တွေကို ဆယ်စုနှစ်များစွာ ထောက်ပံ့ပေးခဲ့သလို ရေကြောင်း၊ လေကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေကနေ တဆင့် ကမ္ဘာ့စားသုံးသူဈေးကွက်တွေဆီ ဖြန့်ဝေရောက်ရှိနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေရှိ စိတ်ကြွရူးသွပ်မူးယစ်ဆေး ထုတ်လုပ်မှုတွေနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ဓာတုမူးယစ်ဆေးဝါးတွေကိုလည်း ထည့်သွင်း လေ့လာထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အစီရင်ခံစာဟာ မဲခေါင်ဒေသတွင်း မက်သာဖက်တမင်း စီးပွားရေးတခုလုံးရဲ့ ထုတ်လုပ်မှု အဆင့်ဆင့်နဲ့ မှောင်ခိုသယ်ယူမှုတွေ၊ သုံးစွဲမှုအတိုင်းအတာကို အပြည့်အစုံဖော်ပြဖို့ ရည်ရွယ်တာ မဟုတ်ဘဲ ဖြန့်ဖြူးသယ်ယူတဲ့ လမ်းကြောင်းတွေနဲ့ ပါဝင်တဲ့အဖွဲ့တွေကို လေ့လာကာ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံ စားသုံးသူဈေးကွက်တွေအပေါ် သက်ရောက်မှုကို ဆန်းစစ်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်ကတည်းက မဲခေါင်ဒေသရဲ့ ကမ္ဘာ့ မက်သာဖက်တမင်း မူးယစ်ဆေး ဈေးကွက်အတွင်း အခန်းကဏ္ဍဟာ ပမာဏရော ရှုပ်ထွေးမှု ၂ ရပ်စလုံးမှာ ပိုမိုကြီးမားလာတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံဟာ မဲခေါင်ဒေသက ထွက်ရှိတဲ့ မက်သာဖက်တမင်း အများစု ထုတ်လုပ်တဲ့နေရာတွေ မဟုတ်ပေမဲ့ မူးယစ်ဆေးဝါးတွေကို သယ်ယူတာ၊ သိုလှောင်တာနဲ့ တခြားဈေးကွက်တွေကို တင်ပို့တာမှာ အရေးပါတဲ့နေရာတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မဲခေါင်ဒေသ မက်သာဖက်တမင်း စီးပွားရေးဟာ အလွှာလိုက် စီးပွားရေးပုံစံနဲ့ လည်ပတ်နေကြောင်း၊ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု၊ လုံခြုံရေး၊ ကြားခံပွဲစားလုပ်ငန်း၊ ဖုံးကွယ်မှု၊ ငွေပေးချေမှုနဲ့ လက်လီဖြန့်ဖြူးမှုတို့မှာ မတူညီတဲ့ အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တွေက ခွဲခြားလုပ်ကိုင်တဲ့ပုံစံ ဖြစ်ကြောင်းလည်း သုံးသပ်ထားပါတယ်။
စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ မှောင်ခိုသယ်ယူမှုတွေကို ရာဇဝတ်အဖွဲ့တဖွဲ့တည်းက လုပ်ကိုင်နေတာ မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှု နည်းပါးတဲ့ လုပ်ငန်းကွန်ရက်တခုအဖြစ် လည်ပတ်နေတာပါ။
ပါဝင်သူတွေဟာ မိမိတို့နဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့ အဖွဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကိုသာ သိရှိထားလေ့ရှိကြောင်း၊ မူးယစ်ဆေးဝါးတမျိုးရဲ့ ဈေးကွက်အတွင်း ပြောင်းလဲမှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ရာဇဝတ်စီးပွားရေးတခုလုံးရဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုကို ပြသနေကြောင်းလည်း ဆိုပါတယ်။
ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ၊ ထုတ်ကုန်အမျိုးအစား၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း၊ မူးယစ်ဆေးဝါးဖုံးကွယ်တဲ့ နည်းလမ်းနဲ့ ထောက်ပံ့ရေးကွင်းဆက် ဖွဲ့စည်းပုံတွေ ပြောင်းလဲလာတာဟာ ကမ္ဘာ့မက်သာဖက်တမင်း ဈေးကွက်တခုလုံးအပေါ် သက်ရောက်မှုရှိကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒီမူးယစ်စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အဂတိလိုက်စားမှုဟာ အခြေခံကျတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး လုပ်ငန်းစဉ်အတွင်း ဖွဲ့စည်းတည်ဆောက်ပုံအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်း သုံးသပ်ထားပါတယ်။
အချက်အလက် ဆက်စပ်မှုအရ နယ်စပ်ဒေသနဲ့ နယ်စပ်အနီး တာဝန်ထမ်းဆောင်တဲ့ အရာရှိတွေလည်း အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်မှု ပိုမိုရှိကြောင်း ဖော်ပြပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူမှု ကွန်ရက်တွေဟာ မဲခေါင်ဒေသမှာ ကြီးမားတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အသုံးပြုတဲ့ အထောက်အကူပြု စနစ်တွေနဲ့လည်း တူညီမှုရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီမူးယစ်ဆေးဝါး စီးပွားရေး အထောက်အကူပြုစနစ်တွေထဲမှာ လုံခြုံရေးပေးသူတွေ၊ လာဘ်စားတဲ့ အရာရှိတွေ၊ ကြားခံပွဲစားတွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ၊ အလွတ်သဘော ငွေကြေးနဲ့ ငွေလွှဲပြောင်းမှုစနစ်တွေ၊ ကြားခံကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခွင့်ပြုချက်တွေ ပိုမိုလွယ်ကူရရှိတဲ့ အထူးစီးပွားရေးဇုန်တွေ ပါဝင်ကြောင်း သိရပါတယ်။
မူးယစ်စီးပွားရေးအတွက် အကျိုးအမြတ် ကြီးကြီးမားမားရနိုင်တဲ့ ဦးတည်တဲ့ ဈေးကွက်ပစ်မှတ်တွေကတော့ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံ ဖြစ်ပြီး ပထဝီအနေအထားအရ မဲခေါင်ဒေသနဲ့ နီးကပ်မှု၊ စားသုံးသူအခြေအနေနဲ့ ဝယ်လိုအား၊ မူးယစ်ဈေးနှုန်းတွေတန်ဖိုး မြင့်မားတာကြောင့် မူးယစ်မှောင်ခိုလုပ်သူတွေအတွက် အရမ်းကောင်းတဲ့ ဈေးကွက်တခု ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။
မဲခေါင်ဒေသတွင်း ရေကြောင်း၊ ပါဆယ်ပို့ဆောင်ရေးနဲ့ ဖြတ်သန်းသယ်ယူရေး လမ်းကြောင်းတွေဟာ နောက်ဆုံးအဆင့် သုံးစွဲသူဈေးကွက်တွေနဲ့ ချိတ်ဆက်နေတာကြောင့် မက်သာဖက်တမင်း ဈေးကွက်ဟာ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံကို မဟာဗျူဟာမြောက် အန္တရာယ်တရပ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
Source: Global Initiative










