
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာ ၇ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၂၆ ရက် ညနေပိုင်းက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၄ ယောက်၊ စုစုပေါင်း ရိုဟင်ဂျာ ၇ ယောက်ကို ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ဂိတ်မှာရှိနေတဲ့တပ်က ဖမ်းခဲ့တာ။ အမျိုးသမီးတွေထဲ သက်ကြီးပိုင်းတွေ ပါတယ်။ ရိုဟင်ဂျာတွေရဲ့ လက်ကိုင်ဖုန်းတွေပါ သိမ်းယူထားတယ်။ တပ်က အရာရှိဆိုသူက သိမ်းယူထားတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၇ ယောက်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကနေ စက်လှေနဲ့ လာတဲ့သူတွေဖြစ်ပြီး စစ်အာဏာရှင်တပ်က ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အရပ်သား အမျိုးသားတွေနဲ့ ရခိုင်ဘက်ကလာတဲ့သူတွေကို အဓိက ဖမ်းဆီးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၁ ရက်ကလည်း ရခိုင်ပြည်နယ်ကလာတဲ့ စစ်ဘေးရှောင် အမျိုးသား ၃ ယောက်ကို ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး အစအန ပျောက်နေတယ်လို့ သိရပါတယ်။











