
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် လမ်းအကြား ရိုးပေါ်က ပိတ်မိခံနေရတဲ့ နတ်ရေကန်တောင်ကို ထိုးစစ်ဆင်ဖို့ အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းနဲ့ ယာဉ်တန်းကို AA က ဒရုန်း လက်နက်ကြီးတို့နဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၅ ရက် ညပိုင်းမှာ အာရက္ခတပ်တော်(AA)က လက်နက်ကြီး ဒရုန်းတွေနဲ့ပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မနေ့ကနေ အင်အားဖြည့်တဲ့ စစ်ကားတချို့ တောင်အောက်ကနေ တက်လာကြတာ။ အဲဒီယာဉ်တန်းတွေကို ပဇီနဲ့ဂုတ်ကြီးကို မရောက်ခင် AA ဘက်က ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်လို့ စစ်ကောင်စီဘက်ကလည်း အပြန်အလှန် ပစ်တယ်။ စစ်ကောင်စီဘက်က ကားတွေကိုထိလို့ ကားတွေပျက်ပြီး လူထိတာ ရှိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပဇီလမ်းနဲ့ ဂုတ်ကြီးလမ်းကို အသုံးပြုပြီး လမ်းနှစ်လမ်းလုံး အုပ်စုခွဲ တက်လာတာလို့ သူက ဆက်ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာတော့ နတ်ရေကန်အနီးဝန်းကျင်ကို ဂျက်လေယာဉ်တွေနဲ့ ဗုံးလာကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် နောက်တယောက်က ပြောပါတယ်။
“ဒီမနက်က ဂျက် ၂ စင်းနဲ့ နတ်ရေကန်တောင်ကြောတလျှောက်ကို ဗုံးလာကြဲတယ်။ ပြီးတော့ မစခ ၉၀၅ ကလည်း အတွဲလိုက်ပစ်တယ်” လို့ ပြောပါတယ်။
နတ်ရေကန်တောင်ဗျူဟာစခန်းကို ထိုးစစ်ဆင်ဖို့ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက စစ်ကားအစီး ၇၀ ဟာ ပဒါန်းမြို့နယ်က ဆုံကုန်းအမြောက်ကြီးတပ် မစခ( ၉၀၅) ကို ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီနောက် မစခ(၉၀၅)ကနေတဆင့် ရိုးပေါ်က နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကနေရာတွေဖြစ်တဲ့ ပဇီရွာနဲ့ဂုတ်ကြီးရွာဘက်ကို ယာဉ်တန်းတွေအပါအဝင် ခြေလျင်စစ်ကြောင်းတွေနဲ့ တက်သွားခဲ့တာလို့ ဒေသခံတွေဆီကနေတဆင့် သိရပါတယ်။











