DVB Logo
Home
မြန်မာသတင်း
နေ့စဉ်စားသုံးမှုပမာဏ ပုံမှန်ထက်လျှော့ပြီး စားသုံးနေရတဲ့ မြန်မာပြည်သူတွေ
DVB
·
September 26, 2026
Photo : DVB
Photo : DVB
Donate to DVB

နေပြည်တော်မှာ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက် နေတာဟာ ထုတ်လုပ်မှုနဲ့ စားသုံးမှု မမျှတတာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက် လာတာတွေ ကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ 

ထုတ်လုပ်မှုနဲ့ စားသုံးမှုမမျှတဘူးလို့ သူ့ရဲ့ ပြောဆိုချက်ဟာ မြေပြင် ပကတိအခြေအနေနဲ့ ကင်းကွာ နေပြီး နေ့စဉ်စားသုံးမှုပမာဏကို ပုံမှန်ထက် လျှော့ချပြီး စားသုံးနေကြရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျကာ တနေ့ တခြား သမိုင်းမှာ မကြုံဖူးလောက်အောင် စံချိန်တင် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အခြေခံမိသားစုတွေရဲ့ မီးဖိုချောင်မှာ အကျပ်အတည်းတွေ ပိုလို့ ဖြစ်လာနေပါပြီ။

ဒီအခြေအနေမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ ပြည်သူတွေ သတ်မှတ်ချက်ထက် အစားပိုစားလို့ ကုန်ဈေးနှုန်းတက်ရတာပါလို့ အပြစ်တင်ပြောဆိုခဲ့ပေမဲ့ မြေပြင်မှာတော့ အခြေခံ လူတန်းစားတွေဟာ ပရိုတင်းဓာတ် ရရှိဖို့ ကြက်ဥတလုံးကိုတောင် လုံလောက်အောင် မစားနိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ကလေး ၂ ယောက်ရဲ့ မိခင်တယောက်တော့ ကလေးတွေကို ကြက်ဥ တခြမ်းစီပဲ ကျွေးနိုင်တော့ တယ်လို့ ဆိုပါတယ်။ 

အိမ်ရှင်မတယောက်က “ဘယ်စားနိုင်မှာတုန်း၊ အရင်တုန်းက ကလေးတွေဆိုရင် ကြက်ဥတလုံးစီ ကြော်ကျွေးတာတို့ ဘာတို့၊ တော်တော်များများ ကြက်ဥတလုံးစီကတော့ စားနိုင်တယ်ဟာ။ အခုကျတော့၊ တခြမ်းစီ ဖြစ်သွားပြီလေ၊ အခု ဘယ်လိုလုပ်တုန်းဆိုရင် ကြက်ဥလေး တခြမ်းစီနဲ့ အာလူးလေး နှစ်ခြမ်းစီတို့ မိသားစုတွေ အဲ့လိုမျိုးတွေ၊ အာလူးလေးနဲ့ ရောပြီးတော့ ကျွေးကြ ရတာ”လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်နဲ့ မြို့ကြီးအများစုမှာ အလုပ်သမားတယောက်ရဲ့ တနေ့တာ အခြေခံလုပ်ခမှာ ကျပ် ၇,၈၀၀ ပဲရှိပေမဲ့  ကြက်ဥတလုံးကို ကျပ် ၇၀၀ အထိ၊ ဝက်သား ၁၀ သားကို ကျပ် ၄,၀၀၀ လောက်ထိ စံချိန်တင် ဈေးတက်နေတာပါ။ 

ဒါကြောင့် အခြေခံမိသားစုတစုအတွက် တနေ့တာ လုပ်ခဟာ မိသားစုတစုရဲ့ တနပ်စာ အသား၊ ငါး ဝယ်ယူဖို့တောင် မလုံလောက်တော့တဲ့ အခြေအနေ ဖြစ်နေတာပါ။ 

မိသားစု ၅ ယောက်စာကို တရက်စာစားစရိတ်အတွက် ကျပ် ၃၀,၀၀၀ နဲ့ ဈေးသွားဖို့ကို မလုံလောက် တဲ့ အခြေအနေဖြစ်နေပြီလို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတယောက်က ပြောပါတယ်။

“တော်တော်ကိုကြီးနေတာ၊ သမီးရယ် ကျပ် ၃၀,၀၀၀ နဲ့ အမြဲဈေးသွားတာ၊ အခု  ကျပ် ၃၀,၀၀၀နဲ့ ခေါင်းတွေ တော်တော်မူးတာ၊ မူးတာမှ တော်တော်ကိုမူးတာ၊ ဟိုဘက်ကို လျှောက်လိုက်၊ ဒီဘက်ကို လျှောက်လိုက်၊ ဒီဘက်က ပိုသက်သာတယ်၊ ဒါပေမဲ့ သက်သာတယ်ဆိုမှ ဝယ်လိုက်ပေမဲ့လည်း ဟိုဘက်က ဈေးကြီးပေမဲ့လည်း ဟိုဘက်က အောင်မြင်တဲ့ အသီးအနှံကွာ၊ ကြက်သွန်နီဆိုရင်လည်း ဟိုဘက်က လှတယ်ကွာ၊ ဒီဘက်က နည်းနည်း အရှုံ့လေးတွေပါတယ်။ ဈေးတွေကတော့ အကုန်ကြီးတယ်၊ မြန်မာနိုင်ငံမှာ အခု အဲ့လိုဖြစ်နေတာ။” 

အတန်အသင့်ကောင်းတဲ့ ဆန်တပြည်ကို ကျပ် ၈,၀၀၀၊ စားအုန်းဆီတပိဿာကို ကျပ် ၂၀,၀၀၀ နီးပါး ကပ်နေတဲ့ ကုန်ဈေးနှုန်းကြောင့် မိသားစု ၅ ယောက်မှာ ၂ ယောက်ပဲ အလုပ်ရှိတဲ့ သူတို့မိသားစု ရုန်းကန်နေရတာပါ။

နေ့စဉ်အာဟာရအတွက် အသားဈေးတွေလည်း ကြီးသလို ငါးဈေးတွေလည်း ကြီးပြီး ငါးကြင်းဟာ တပိဿာကို ကျပ် ၂၀,၀၀၀ ဖြစ်နေပြီလို့လည်း အိမ်ရှင်မတွေက ဆိုပါတယ်။

အသားငါးဈေးတင်မကဘဲ ဟင်းသီးဟင်းရွက်တွေပါ ဈေးတွေကြီးနေတာကြောင့် စားသုံးမှုတွေကို တောင် အရင်စားတဲ့နှုန်းထက်လျှော့ပြီး စားနေကြရတယ်လို့လည်း ဆိုပါတယ်။

အိမ်ရှင်မတယောက်က “ဝက်သားက အစိတ်သား ကျပ် ၁၀,၀၀၀ ဆိုတော့၊ တပိဿာ ၄၀,၀၀၀ ဈေးပေါ့။ အစိတ်သား ကျပ် ၁၀,၀၀၀ ဆိုတာ မဝယ်တာတောင်ကြာပြီ။ အစိတ်သားဆိုရင် ညမနက်ဆိုရင် ၄ ယောက်လောက်ပဲ ရမှာပေါ့။ ဒါတောင် ချွေတာစားတယ် ခေါ်ရမှာပေါ့နော်။ အစိတ်သား မျက်လုံးထဲ မြင်ကြည့်လေ၊ ဘယ်နှတုံးရမှာလဲ။ ဒါတောင် လက်နှလုံးစာလောက် အတုံးလေးတွေ။ ခရမ်းသီးတလုံး ကျပ် ၁,၀၀၀ လေ စဉ်းစားကြည့်၊ ပဲကုလားဟင်းလေး ချက်ချင်လို့ ခရမ်းသီးလေး တလုံးကို ၁,၀၀၀ တဲ့သိလား၊ ခရမ်းသီးတောင် ဝဝလင်လင် မစားနိုင်တဲ့ အနေအထားမှာ ဖြစ်နေပြီ သိလား”လို့ ပြောပါတယ်။

စစ်အာဏာရှင်မင်းအောင်လှိုင်ကတော့ “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ဖို့ အတွက် အဓိကအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ဖို့လိုနေပြီး ထုတ်လုပ်မှုတိုးလာမှသာ နိုင်ငံဝင်ငွေနဲ့ ပြည်တွင်းလိုအပ်ချက်ကို တစိတ်တပိုင်း ဖြည့်ဆည်းနိုင်မယ်လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းနဲ့ စီးပွားရေးအခြေအနေတွေကို မီဒီယာတွေက ဝေဖန်ရေးသားနေကြတာနဲ့ ပတ်သက် ပြီးတော့လည်း အလုပ်မလုပ်ဘဲ ပြဿနာတွေကိုသာ ပြောဆိုနေရုံနဲ့ မရဘူးလို့လည်း ဆိုပါတယ်။ 

စီးပွားရေးပညာရှင်တွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ စစ်အာဏာရှင်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်း အရည်အချင်းမရှိမှု၊ ဗဟိုဘဏ်နဲ့ ကုန်သွယ်ရေးမူဝါဒတွေ မှားယွင်းမှုတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး စံချိန်တင် ကျဆင်းမှုကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

မြေပြင်မှာတော့ ပြည်သူတွေဟာ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း မမျှတမှုတွေကြောင့် မိသားစုရဲ့ နေ့စဉ် အစာအာဟာရအတွက် ရုန်းကန်နေကြရပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013