DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို အသိအမှတ်ပြုမှု မြန်မာပြည်သူများကို သစ္စာဖောက်ရာရောက်ဟု ဂျပန်သံအမတ် ဟောင်း ပြော
DVB
·
October 13, 2026
Photo: Maruyama Gonzales
Photo: Maruyama Gonzales
Donate to DVB

ဂျပန်အစိုးရအနေနဲ့ စစ်အာဏာရှင်ကို အသိအမှတ်ပြုမှုဟာ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်ရာရောက်တယ်လို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတယောက် ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း မရုယာမအိချိရိုးက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်စဉ်၊ လက်ရှိ စစ်ခေါင်းဆောင်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး ဂျပန် စုံစမ်းထောက်လှမ်းရေး သတင်းထောက်နဲ့ စာရေးဆရာမာရုယာမ ဂွန်ဇားလက်စ်ရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ဂျပန် ယူကျုချန်နယ်မှာ ပြောဆိုလိုက်တာပါ။

သံအမတ်ကြီးဟောင်း မရုယာမဟာ အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်း အခြေအနေတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ကြား အာဏာလက်လွှတ်ရမှုအပေါ် စစ်တပ်ရဲ့ သဘောထားတွေနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စိတ်နေစိတ်ထားကို အသေးစိတ် ရှင်းလင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတိတ်က အာဏာရှင်ဟောင်းတွေဖြစ်တဲ့ ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့နဲ့ ကွဲပြားကြောင်းလည်း အင်တာဗျူးမှာ ထောက်ပြခဲ့ပါတယ်။

သံအမတ်ကြီးဟောင်း မရုယာမက “သူ့ကိုယ်သူ (မင်းအောင်လှိုင်) နိုင်ငံရေး၊ စီးပွားရေး အရာရာတိုင်းမှာ စနစ်တကျ မှန်မှန်ကန်ကန် စီမံခန့်ခွဲလုပ်ဆောင်နိုင်စွမ်းနဲ့ အရည်အချင်းရှိတယ် ဆိုပြီး အလွန်အမင်း မောက်မာလျှံကျနေတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲမှုရှိနေတဲ့ လူစားမျိုးဖြစ်တယ်” လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ပြန်လည်ဦးမော့လာတယ်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရထက် များစွာသာလွန်တယ်လို့ မိမိကိုယ်ကိုယ် ထင်မြင်နေပြီး အရာရာတိုင်းကို မိမိတယောက်တည်း ဆုံးဖြတ်တဲ့ အာဏာရှင်စနစ် (Top-down) ကျင့်သုံးသူ ဖြစ်ကြောင်း၊ အောက်ခြေကလည်း အထက်လူကြီး ကြိုက်မဲ့ အချက်အလက် အမှားတွေကိုသာ တင်ပြလေ့ရှိကြောင်း သံအမတ်ကြီးဟောင်းက ထောက်ပြခဲ့ပါတယ်။

တချို့က စစ်တပ်ဟာ ပြဿနာတွေ ရှင်းမရလို့ ဒေါ်အောင်ဆန်းစုကြည်ထံ အာဏာလွှဲပေးပြီးမှ ပြန်သိမ်းမယ်လို့ ယူဆကြပေမဲ့ အမှန်တကယ်မှာ လုံးဝမဟုတ်ကြောင်း၊ စစ်တပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အာဏာမလွှဲချင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် နိုင်သွားတဲ့အတွက် မလွှဲမရှောင်သာ လွှဲပေးခဲ့ရတာဖြစ်ကြောင်း၊ ၂၀၂၀ မှာ စစ်တပ်ဘက်က အနိုင်ရမယ်လို့ မိမိကိုယ်ကိုယ် ထင်မှတ်မှားခဲ့ရာက ထပ်မံရှုံးနိမ့်သွားတာကြောင့် လွှတ်တော်မခေါ်မီ အတင်းအဓမ္မ အာဏာသိမ်းခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးက ပြည်သူတရပ်လုံးအား စုစည်းနိုင်စွမ်းနဲ့ ခေါင်းဆောင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နေရာကို အစားထိုးနိုင်မဲ့သူ မြန်မာနိုင်ငံမှာ ရှာဖွေဖို့ မဖြစ်နိုင်ကြောင်းနဲ့ သူ့ရဲ့ ရပ်တည်ချက်က ဘယ်သောအခါမှ မယိမ်းယိုင်ခဲ့ကြောင်း ချီးကျူး ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာပြည်သူအများစုဟာ စစ်တပ်အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်နေကြကြောင်း၊ တရုတ်နိုင်ငံက စစ်အာဏာရှင်အစိုးရနဲ့ ပူးကပ်စွာ ဆက်ဆံနေတဲ့အတွက် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မုန်းတီးမှုကို ခံနေရကြောင်း၊ ဒါ့ကြောင့် ပြည်သူတွေ မုန်းတီးရွံရှာတဲ့ စစ်အာဏာရှင်ကို ဂျပန်အစိုးရအနေနဲ့ အသိအမှတ်ပြု ဆက်ဆံပါက မြန်မာပြည်သူတွေ ဂျပန်အပေါ် ချစ်ခင်လေးစား ယုံကြည်မှုကို သစ္စာဖောက်ရာ ရောက်မှာဖြစ်လို့ ဂျပန်နိုင်ငံက ဘယ်ဘက်မှာ ရပ်တည်သင့်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိသင့်ကြောင်းလည်း အင်တာဗျူးမှာ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ မရုယာမ အိချိရိုးဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာလည်း သံအမတ်ကြီးအဖြစ် မြေပြင်မှာ ကိုယ်တိုင်ရှိနေခဲ့သူ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013