ပြည်ပကြွေးမြီကြောင့် မြန်မာပြည်သူ ၁ ဦးကို ကျပ် ၈ သိန်းကျော် အကြွေးတင်နေ

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရှိနေတယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ဩဇာခံ ပြည်ထောင်စု လွှတ်တော်မှာ နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။
ဒီကြွေးမြီပမာဏကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော်နဲ့ ပျမ်းမျှတွက်ချက်မယ်ဆိုရင် ပြည်သူတယောက်ကို အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၈ ဒေါ်လာ (ကျပ် ၈ သိန်းကျော်) အကြွေးတင်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းချိန်မှာ တိုင်းပြည်ရဲ့ ပြည်ပကြွေးမြီဟာ ဒေါ်လာ ၁၂ ဒသမ ၀၈၃ ဘီလီယံ ရှိခဲ့ပြီး ဒါဟာ အရင်အစိုးရအဆက်ဆက် ပေးဖို့ကျန်နေတဲ့ စုစုပေါင်းကြွေးမြီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအဆက်ဆက် ချေးယူခဲ့တဲ့ ပမာဏတွေထဲမှာ ၁၉၈၈ ခုနှစ် မတိုင်ခင်က ချေးယူခဲ့တာ အများဆုံးဖြစ်ပြီး NLD အစိုးရလက်ထက်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံသာ အမှန်တကယ် ချေးယူခဲ့တာလို့ သိရပါတယ်။
ဒိမတိုင်ခင် ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်မှာလည်း တရုတ်နိုင်ငံကနေ အတိုးနှုန်းကြီးကြီးနဲ့ ချေးယူထားခဲ့တာတွေလည်း ရှိပါတယ်။











