
နှစ်တနှစ်ရဲ့ စက်တင်ဘာ ၁၅ ရက်ဟာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်ရပ်ကစလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရပ်တန့်ခဲ့ရပြီး ပြည်သူတွေရဲ့ နိုင်ငံရေးအကျပ်အတည်းတွေဟာလည်း ဆက်တိုက်ဆိုသလို ကြုံနေကြရပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ လူငယ်တွေကတော့ ဒီမိုကရေစီ အနာဂတ်အတွက် မျှော်လင့်ချက်တွေက မပျက်သုန်းသေးဘဲ ဆက်လက်တည်မြဲနေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းက လူငယ်တယောက်က “လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားပေးပြီးတော့ မတူညီတဲ့ အမြင်တွေကို ဆွေးနွေးလို့ ညှိနှိုင်းလို့ရမဲ့ စနစ်တခုလို့ နားလည်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကတော့ ခက်ခဲပေမဲ့ အနာဂတ်မှာ ငြိမ်းချမ်းပြီး လူ့အခွင့်ရေး တရားမျှတမှုနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို လေးစားတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ဆိုတာက သူ့အလိုလို ရောက်လာရမယ်တော့ မဟုတ်ပါဘူး။ လူတိုင်း တယောက်ချင်းစီတိုင်း ကိုယ်တိုင်လုပ်ယူရမဲ့အရာလို့ မြင်ပါတယ်” လို့ ပြောပါတယ်။
ဒီမိုကရေစီအနာဂတ်အတွက် စစ်အာဏာရှင်တွေကို တွန်းလှန်နေရင်းပဲ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းမှုတွေ လုပ်ဖို့လည်း လိုအပ်နေပြီး ပြည်တွင်းကလူငယ်တွေနဲ့အတူ ပြည်ပရောက် မြန်မာတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း အရေးကြီးတယ်လို့ ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
MFDMC အတွင်းရေးမှူး ကိုကျော်ဆန်းက “အချင်းချင်း အားလုံးပဲ စာနာထောက်ထားမှုတွေ လူ့အခွင့်ရေးတွေကို လေးစားတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်လာဖို့အတွက် ကျနော်တို့ နိုင်ငံရေး လူမှုကဏ္ဍ ပေါင်းစုံပေါ့နော်၊ ပြုပြင်ပြောင်းလဲတာတွေ ကျနော်တို့ တော်လှန်ရေးလုပ်ရင်းနဲ့မှ ဒီမိုကရေစီစနစ် သွားရင်းနဲ့မှ တခါတည်း တည်ဆောက်သွားရမဲ့ အရာလို့ မြင်ပါတယ်ဗျ။ ပြည်တွင်းကသူတွေရဲ့ ကြံ့ကြံ့ခံ ပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ပြီးတော့ ပြည်ပမှာ ရှိနေကြတဲ့ ကျနော်တို့ ထောက်ပံ့ပြည်သူတွေရဲ့ အားသုံးခွန်စိုက်ပါဝင်မှုတွေ၊ ပံ့ပိုးကူညီမှုတွေက ကျနော် စနစ်တကျ ပေါင်းစည်းပြီးတော့ ဆက်လက်ပြီးတော့ တွန်းလှန်သွားကြမယ်ဆိုရင် တရားမျှတမှုရှိတဲ့ အနာဂတ် မလွဲမသေ ရောက်လာမှာဆိုတာ သေချာတယ်။ ဘယ်လိုအခက်အခဲနဲ့ပဲ ကြုံတွေ့နေရပါစေ အချင်းချင်း စာနာထောက်ထားမှုတွေနဲ့ လက်တွဲပြီးတော့မှ အားမလျှော့ရင်းနဲ့ အမြဲတမ်း ဆက်လက်လှုပ်ရှား ကြိုးစားဆောင်ရွက်သွားကြဖို့ ဆိုတာ တိုက်တွန်းလိုပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက “ကမ္ဘာတဝန်း ဒီမိုကရေစီအခြေအနေ ကျဆင်းလာနေပေမဲ့ ဒီမိုကရေစီစနစ်က ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို အာမခံပေးနိုင်တဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်” လို့ နိုင်ငံတကာ ဒီမိုကရေစီနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ တခုတည်းနဲ့ မပြည့်စုံနိုင်တာကြောင့် ဖက်ဒရယ်စနစ်ကိုပါ ပေါင်းစပ် တည်ဆောက်ဖို့ လိုအပ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးနဲ့ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းတွေကို တပြိုင်နက်တည်း ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံပေးသလို တိုင်းရင်းသား လူမျိုးအသီးသီးရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း လေးစား အသိအမှတ်ပြုတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ကလည်း မတူကွဲပြားမှုတွေကို လေးစားပြီး ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တည်ဆောက်ရမဲ့ အနာဂတ်တခု ဖြစ်ပါတယ်။
လက်ရှိအကျပ်အတည်းတွေကြားမှာ ဒီမိုကရေစီအနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေကြသလို တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ မြန်မာနိုင်ငံ ပေါ်ပေါက်လာဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြောဆိုထားကြပါတယ်။
ဝေဝေ











