
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်က ဒေသထွက် လက်မှုပစ္စည်းဖြစ်တဲ့ ဆန်ကော၊ ဆန်ခါရက် လုပ်ငန်းတွေမှာ ဈေးကွက်ကို တင်ပို့ရောင်းချမှု အခက်အခဲရှိတာကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါဒေသဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ပစ္စည်းတင်ပို့ဖို့ ခက်ခဲနေတာကြောင့် ပြင်ပဈေးကွက်ကို တင်ပို့ဖို့ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။
ရေစကြိုဒေသခံတယောက်က “တော်တော်များများ ဘယ်သူမှ မလုပ်တော့ဘူး၊ အကုန်ရပ်ထားရတယ်။ တိုက်ပွဲတွေဖြစ်တော့ အပြင်ကို ပစ္စည်းတွေပို့ဖို့ မလွယ်တော့ဘူး။ သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်တာပေါ့။ မလွယ်ကူတော့ဘူး။ တချို့ကတော့ မိသားစု စားဝတ်နေရေးအတွက် ဆက်လုပ်နေကြသေးတယ်” လို့ ပြောပါတယ်။
ရေစကြိုဒေသထွက်တခုဖြစ်တဲ့ ဆန်ကော၊ ဆန်ခါနဲ့ တောင်းတွေဟာ အရင်က တရုတ်နိုင်ငံ ဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစတင်ကာ ဈေးကွက်ပျက်သွားပြီး အရောင်းအဝယ် ကျဆင်းလာခဲ့တာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရှောင်နေရတာ များပြီး ဒေသထွက် လက်မှုပစ္စည်းဖြစ်တဲ့ ဆန်ကော၊ ဆန်ခါနဲ့ တောင်းတွေကို မပြုလုပ်နိုင်တော့ဘဲ နှမြောဖို့ကောင်းတဲ့ ဈေးကွက်တခု ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။











