
မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းမှာအခြေစိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Yesagyo Revolution Group (YRG) စခန်းကို ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ မော်တော်ယာဥ်တွေ အပါအဝင်လက်နက်ခဲယမ်းတွေနဲ့ ရုံးအသုံးအဆောင်ပစ္စည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Yesagyo Revolution Group (YRG) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ မိထ္ထီလာရှမ်းတဲလေတပ်စခန်းကတက်လာတဲ့ ဖိုက်တာ ၄ စီးက ကျနော်တို့စခန်းကို ဗုံးကြဲသွားပြီးတော့ ပခုက္ကူ တပ်မ ၁၀၁ ကတက်လာတဲ့ Mi 35 ကလည်း စခန်းဝန်းကျင်ကို ရော့ကတ်တွေ၊ ပွိုင့်ဖိုက်တွေနဲ့ တရစပ်ပစ်ခတ်သွားတာပါ။ သတင်းပေးသူရှိလို့ သတင်းအတိအကျ ရပြီး စခန်းနေရာကို အတိအကျလာပစ်သွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် YRG တပ်ဖွဲ့ရဲ့ စခန်းအဆောက်အအုံတွေအပြင် စစ်ဆင်ရေးသုံးမော်တော်ယာဥ်တွေအပါအဝင် လက်နက်ခဲယမ်းတွေနဲ့ ရုံးအသုံးအဆောင်ပစ္စည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
Yesagyo Revolution Group (YRG) ရဲ့ တာဝန်ခံ ကိုပါးသိုင်းက “ကျနော်တို့ ရဲဘော်တွေထိခိုက်တာမရှိခဲ့ပေမဲ့ စခန်းအဆောက်အအုံတွေနဲ့ တိုက်ခိုက်ရေးသုံးကား ၂ စီး၊ ဆိုင်ကယ်တွေ၊ သေနတ် ၆ လက်၊ ကျည် ၅၀၀၀ ဝန်းကျင်၊ ကင်းထောက်ဒရုန်း ၁ စီး၊ လက်ပစ်ဗုံး အလုံး ၂၀ လောက်နဲ့ စစ်သုံးပစ္စည်းတွေ၊ ရုံးသုံးကွန်ပျူတာတွေပျက်စီးဆုံးရှုံးခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုလိုဆုံးရှုံးမှုတွေရှိပေမဲ့ အခက်အခဲတွေကြားကနေ မပြီးပြတ်သေးတဲ့တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်လို့ ပျက်စီးသွားတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေပြန်လည် ထူထောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့ လည်း ကိုပါးသိုင်းက ဆက်ပြောပါတယ်။
တော်လှန်ရေးအင်အားကောင်းတဲ့ ရေစကြိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲစခန်းတခုကို စစ်တပ်စစ်ကြောင်းက စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာလည်း ရပ်ကျေး PDF စခန်းတခုနဲ့ ခရိုင် ပကဖ စခန်းတခုတို့ ထပ်မံ စီးနင်းခံခဲ့ရကာ တော်လှန်ရေးရဲဘော် ၆ ယောက်ကျဆုံးခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းဆည်း ခံခဲ့ရပါသေးတယ်။











