
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၂ ရက်က စစ်အာဏာရှင်တပ်ဖွဲ့ဝင် တယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ရေစကြိုမြို့နယ် ပကဖ က သြဂုတ် ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမြို့နယ် ခလရ ၂၅၆ ထဲက ကိုယ်ပိုင်အမှတ် ၁၂၀၂၈၃ တပ်သားအဆင့် ထက်ဝင်းစိုး ဟာ MA3 သေနတ် ၁ လက်နဲ့အတူ ကျနော်တို့ဆီကို ချိတ်ဆက် အလင်းဝင်ရောက်လာတာပါ” လို့ ပြောပါတယ်။
လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ တပ်သား ထက်ဝင်းစိုး ကို ဆုငွေ ကျပ် ၂၅ သိန်း ပေးအပ်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့လည်း ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီး က “ထက်ဝင်းစိုး က စစ်တပ်ထဲမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာတွေကို မခံနိုင်တော့လို့ ကျနော်တို့ဆီကို အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သူနဲ့ အနီးဆုံးနေရာအထိ ကျနော်တို့ရဲဘော်တွေ သွားရောက်ခေါ်ဆောင်လာခဲ့ရလို့ အဲဒီနေ့ ည ၈ နာရီလောက်မှာပဲ ချောချောမောမော ရောက်ရှိလာပါတယ်။ သူက ဧရာဝတီတိုင်းထဲကဆိုတော့ သူ့ဇာတိဆီကို ပြန်ဖို့ခက်ခဲနေတယ်။ သူ့ဇာတိကို ပြန်မှာလား တော်လှန်ရေးဆက်လက်မလား ဆိုတာကတော့ သူ့ဆန္ဒပေါ့။ ကျနော်တို့က ဖိအားမပေးပါဘူး”လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ ကျန်ရှိနေသေးတဲ့ လက်အောက်ခံတွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းဖိတ်ခေါ်ထားကြပါတယ်။
Photo: ရေစကြိုမြို့နယ် ပကဖ











