
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၉ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးကာ ၄ ယောက် ထက်မနည်းဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက “ရေစကြိုရဲ့အနောက် တောင်ဘက်မှာရှိတဲ့ ခင်မွန်ရွာထဲကို စစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲလို့ အမျိုးသား ၁ ယောက်နဲ့ သက်ကြီးပိုင်းအမျိုးသမီး ၁ ယောက်တို့ နေရာမှာတင် သေဆုံးသွားပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် အမျိုးသား ၃ ယောက်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက်တို့ ဒဏ်ရာရကြပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရသူတွေလည်းရှိနေပါတယ်။ လူနေအိမ်တချို့ပျက်စီးသွား သေးတယ်လို့လည်း ကနဦးသိရတယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့လက်နက်ကြီးထိမှန်လို့ နေရာမှာတင် သေဆုံးသွားကြသူတွေဟာ အသက် ၇၅ နှစ်အရွယ် ဒေါ်သန်းချစ် နဲ့ အသက် ၃၄ နှစ် အရွယ် ကိုထွန်းနိုင်လင်းတို့ ဖြစ်ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါ လက်နက်ကြီးကျည်ဟာ ရေစကြိုမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဖူလုံကျေးရွာအခြေ စိုက် ခလရ ၂၅၆ တပ်ထဲကနေ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖ ရဲဘော်တယောက်က “ဖူလုံ ၂၅၆ တပ်ထဲကနေ ပတ်ဝန်းကျင်ရွာတွေဘက်ကို အခုလို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်လေ့ရှိတယ်။ အခုလည်း အဲ့ဒီ ခင်မွန်ရွာဘက်မှာ တိုက်ပွဲတွေရှိတာမဟုတ်ဘဲနဲ့ လက်နက်ကြီး ၂ လုံးထုတယ်။ တလုံးက ခင်မွန်ရွာနားကျပြီး နောက်တလုံးက ခင်မွန်ရွာထဲတည့်တည့်ကို ကျခဲ့လို့ ပြည်သူတွေထိခိုက် သေဆုံးခဲ့ရတာဗျ။ အဲ့ဒီ ဖူလုံတပ်ထဲက ကောင်တွေ ညနေစောင်းလို့ မူးရူးလာရင် ပတ်ဝန်းကျင်ရွာတွေဘက်ကို အကြောင်းမရှိဘဲ လက်နက်ကြီးတွေထုတာက အခုမှမဟုတ်ဘူး။ အရင်ကလည်း အခုလို ဖြစ်စဥ်တွေရှိခဲ့ဖူးတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်က ရေစကြို ဖူလုံ ၂၅၆ တပ်ထဲကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ ရွာထောင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ၑေယာက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို ဇွန် ၂၂ ရက်ကလည်း အဆိုပါ ၂၅၆ တပ်ထဲကနေပစ် ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မုံညင်းကျေးရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သံဃာတပါးအပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းအန္တရာယ်တွေကို ကာကွယ်နိုင်မယ့် အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










