
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့အနီးမှာ မေ ၃၁ ရက် ဒီနေ့ ပေါက်ကွဲမှု တခုဖြစ်လို့ လူတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးသူတွေသလို ဆေးရုံမှာလည်း လူနာပြည့်နေပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လူအထိအခိုက်တော့ များတယ်။ အတိတကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ နမ့်ခမ်းဆေးရုံမှာလည်း လူနာတွေ အပြည့်ပဲ။ အရေးပေါ်သွေးတွေလည်း လိုအပ်နေတယ်"လို့ DVB ကို ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရှိနေတဲ့ နေအိမ်တွေလည်း ထိမှန်ပျက်စီးသလို အရပ်သားတွေလည်း ထိမှန်ဒဏ်ရာရတယ်လို့ သိရပါတယ်။
နောက်ထပ် ဒေသခံတယောက်ကလည်း “လေယာဥ်လည်း မလာဘူး။ လက်နက်ကြီးနဲ့ ပစ်တာလည်း မဟုတ်ဘူး။ ပေါက်ကွဲအားပြင်းလို့ စက်ရုံနဲ့ ၂ မိုင်ပတ်ဝန်းကျင်က နေအိမ်တွေ ပျက်စီးတယ်။ ပတ်ဝန်းကျင်ကို လွင့်စဉ်လာတဲ့ အထုပ်တွေ ယမ်းထုပ်တွေ။ သေဆုံးသူ ၃၀ လောက်ရှိပြီလို့ သတင်းကြားထားပါတယ်”လို့ ပြောပါတယ်။
ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို TNLA ဘက်ကတော့ အသေးစိတ်စုံစမ်းပြီးရင် သတင်းထုတ်ပြန်ပေးမယ်လို့ ကြေညာထားပါတယ်။










