
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ မိုင်းဝီးမြို့အကြား ဆက်သွယ်ထားတဲ့ ၄၀ ကီလိုမီတာရှည် လမ်းပိုင်းကို ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ယာယီပိတ်ထားမယ်လို့ TNLA ရဲ့ နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဆီက သိရပါတယ်။
အဲဒီလမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က စတင်မှာဖြစ်ပြီး လုပ်ငန်းကာလအတွင်း ကုန်တင်ယာဉ်တွေကိုသာ ဖြတ်သန်းခွင့် ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်တယောက်က “ကားငယ်တွေ၊ ဆိုင်ကယ်တွေနဲ့ အရေးပေါ် လူနာတင်ယာဉ်တွေကိုပဲ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုမယ်။ လမ်းပြုပြင်မဲ့အကြောင်း တရုတ်စာကော၊ မြန်မာစာနဲ့ပါ အသိပေးထားပါတယ်” လို့ ပြောပါတယ်။
လမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးစဉ်တွေကို ကြိုတင်စီစဉ်ထားဖို့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မလိုအပ်ဘဲ ဝင်ရောက်သွားလာတာ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။
အခုလို လမ်းပြုပြင်တာဟာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လွယ်ကူလာစေဖို့နဲ့ ဒေသခံ ပြည်သူတွေရဲ့ သွားလာရေးအတွက် အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။











