DVB Logo
Home
မြန်မာသတင်း
TNLA တပ်ဖွဲ့ဝင်လီဆူများ လက်နက်ချပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လိုက်ဖမ်းနေ
DVB
·
October 20, 2026
 Photo: လီဆူတပ်ဖွဲ့TikTok
Photo: လီဆူတပ်ဖွဲ့TikTok
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်နဲ့ ရှမ်းမြောက် မိုးမိတ်ဒေသက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် လီဆူလူမျိုး ၅၀ ကျော်ဟာ အောက်တိုဘာ ၁၃ ရက်မှာ စစ်အာဏာရှင်တပ်ဆီ လက်နက်ချပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

TNLA တပ်ဖွဲ့တွေ မိုးကုတ်မြို့ကနေ ဆုတ်ခွာသွားပြီးနောက် တခြားဒေသတွေကို ထွက်ခွာသွားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်သူတွေကို စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့အဖွဲ့က လိုက်လံရှာဖွေနေပြီး ရှာမတွေ့တဲ့သူတွေအစား သူတို့ရဲ့ ဇနီး၊ သားသမီးနဲ့ တခြားမိသားစုဝင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတယောက်က “ဘော်ဒေဘက် လီဆူတွေ နေတဲ့ရွာတွေဘက်မှာ သူတို့နဲ့ ပါဝင်ဖူးတဲ့သူတွေရဲ့ နာမည်စာရင်းပါသူတွေကို လိုက်ဖမ်းတယ်။ သူတို့ကို မဖမ်းနိုင်တော့ သူတို့မိန်းမတွေကို ဖမ်းသွားတယ်။ ကိုယ်ဝန်ဆောင်မိန်းမတွေကိုပါ ဖမ်းခေါ်သွားတယ်။ အသက်မပြည့်သေးတဲ့သူတွေကိုလည်း ဖမ်းခေါ်သွားတယ်။ အမေရှိရင် အမေ၊ အဖေရှိရင် အဖေ ဖမ်းခေါ်သွားပြီး ပြန်လာလဲဖို့လေ။ မိုးကုတ်ဘက် ဖမ်းခေါ်သွားပြီး ဘုန်းကြီးကျောင်းအောက်မှာ ဖမ်းခေါ်စုစည်းထားတယ်” လို့ ပြောပါတယ်။

မိသားစုဝင်တွေ ဖမ်းဆီးခေါ်ဆောင်ခံရတာကြောင့် ကျန်ရှိနေသူတွေဟာ ဘယ်လိုဆက်လုပ်ရမလဲ မသိဘဲ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ဘယ်လိုလုပ်ရမလဲ မသိဘူး။ သွားညှိနှိုင်းရင်လည်း အဆင်ပြေမလား၊ မပြေဘူးလား မသိဘူး” လို့ ပြောပါတယ်။

မိသားစုဝင်တွေ ဖမ်းဆီးခံထားရတာကြောင့် ရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး သွားရောက်ညှိနှိုင်းသင့်၊ မသင့် စဉ်းစားနေကြပေမဲ့ သွားရောက်ညှိနှိုင်းရင်လည်း စစ်တပ်ဘက်ကိုပါဖို့ ဖိအားပေးခံရမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းပြီးနောက် အဲဒီအဖွဲ့နဲ့ ဆက်စပ်တဲ့ TikTok လူမှုကွန်ရက်စာမျက်နှာတွေမှာ မြားပုံအလံနဲ့ လီဆူတပ်ဖွဲ့တခု ပေါ်ပေါက်လာပြီဆိုတဲ့အကြောင်း လီဆူဘာသာစကားနဲ့ ရေးသားဖြန့်ဝေနေတာကြောင့် လီဆူလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့လို့ ပြည်သူတွေ အထင်မှားသွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့တင်ထားတာတွေက လီဆူလူမျိုးအားလုံးကိုယ်စား လုပ်ထားတာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အဲဒီအဖွဲ့ဟာ အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး စစ်တပ်က သူတို့ကို မိုးကုတ်ကနေ လားရှိုးဘက်ကို ခေါ်ဆောင်သွားတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင် လီဆူလူမျိုး ၅၀ ကျော် စစ်တပ်နဲ့ပူးပေါင်းသွားတဲ့အကြောင်း TNLA ကလည်း ထုတ်ပြန်အတည်ပြုထားပြီး အောက်တိုဘာ ၁၅ ရက်မှာ သူတို့ကို စစ်တပ်က ကြိုဆိုပွဲလုပ်ပေးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

KIA နဲ့ နီးစပ်သူတယောက်ကတော့ စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့အဖွဲ့ဟာ TNLA တပ်မဟာ ၃ လက်အောက်ခံ မိုးမိတ်မြို့ ခါချယ်စခန်းကနေ TNLA တပ်မဟာ ၇ လက်အောက်ခံ နမ့်ဆန်ဘက်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂူဆီး ဦးဆောင်တဲ့ လီဆူအုပ်စုဖြစ်ပြီး အဖွဲ့ဝင် ၅၀ ကျော်နဲ့ လက်နက် ၄၉ လက် ပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ၂၀၂၄ ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မိုးကုတ်ဒေသမှာ TNLA နဲ့ ပူးပေါင်းခဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

သိန်းအလေးလို့လည်း ခေါ်ဆိုကြတဲ့ ဂူဆီးဟာ စစ်အာဏာရှင်ရဲ့ ရဲဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် TNLA ဘက်က သူ့ကို ဦးဆောင်သူအဖြစ်ထားပြီး မြို့စောင့်တပ်ဖွဲ့တခု ဖွဲ့စည်းပေးခဲ့တာလို့ မြို့ခံတချို့က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်တပ်နဲ့အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ TNLA တပ်ဖွဲ့တွေ မိုးကုတ်မြို့ကနေ ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013