
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာ မတ် ၂၈ ရက် ဒီနေ့ ဘုန်းကြီးကား တစီး တိမ်းမှောက်ပြီး ဘုန်းကြီး တပါး အပါအဝင် ၄ ယောက် သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိုင်တိုင်အမှတ် ၂၁၈/၄ မှာ ဒီမနက် ၆ နာရီဝန်းကျင်က Honda အမျိုးအစား ဘုန်းကြီးကားနဲ့ ဘုရားဖူးသွားကြရင်းကနေ ဦးပဥ္စင်း တပါး၊ အမျိုးသား ၃ ယောက်၊ အမျိုးသမီးတ ယောက်တို့မှာ အမျိုးသား တယောက်ပဲကျန်ခဲ့ပြီး ကျန် ၄ ယောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ် သိသူတယောက်က “သူတို့ပြောတာတော့ စာမေးပွဲဖြေပြီးတော့ ဘုရားဖူးပြီး ပြန်လာ တာလို့ ပြောတယ်။ ဦးပဥ္စင်း အပါအဝင် ၅ ယောက်ကို ၄ ယောက်က ဆုံးသွားတယ်၊ မန္တလေး ကနေ ရန်ကုန်ကိုသွားတဲ့ဘက်” လို့ပြောပါတယ်။
အရှိန်မထိန်းနိုင်တာကြောင့် ယာဉ်တိမ်းမှောက်တာလို့ ကနဦးသိရပြီး သေဆုံးခဲ့ရသူတွေရဲ့ အမည်နဲ့ အသက်ကိုတော့ မသိရသေးပါဘူး။
ယာဉ်တိမ်းမှောက်မှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူတွေကို မိုးစွေ လူမှုကူညီရေးအသင်း က နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။










