
အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့အကြား စီစဉ်ထားတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သံသယရှိကြောင်းနဲ့ မျှော်လင့်ချက်နည်းတယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုရစ်ပစ္စတိုးရီးယပ်စ် က နိုဝင်ဘာ ၂ ရက်မှာပြောပါတယ်။
ဘာလင်မြို့တော်မှာ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရိတင်းနဲ့အတူ ရှိနေချိန်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။
“လွန်ခဲ့တဲ့နှစ်တွေက အတွေ့အကြုံတွေအရ ကျနော် သံသယဖြစ်မိပါတယ်။ ကမ္ဘာ့နေရာဒေသ တခုခုမှာ ညှိနှိုင်းဆွေးနွေးတိုင်းမှာ ယူကရိန်းနိုင်ငံအပေါ် ပိုပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာက လွဲလို့ ဘာမှ အကျိုးထူးမလာခဲ့ပါဘူး” လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
ဥရောပတိုက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဥရောပနိုင်ငံတွေ ကိုယ်စားပြု ပါဝင်မှုမရှိဘဲ မဖြစ်နိုင်ဘူးလို့လည်း သူက ထပ်ပြောပါတယ်။
ပစ္စတိုးရီးယပ်စ်နဲ့ စထရိတင်းတို့ဟာ ဥရောပလုံခြုံရေးကို ခိုင်မာစေဖို့နဲ့ ယူကရိန်းနိုင်ငံကို ထောက်ပံ့ ကူညီဖို့ ရည်ရွယ်တဲ့ ဂျာမနီနဲ့ ဗြိတိန်တို့အကြား ရင်းနှီးတဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်ချက်တွေ ကိုလည်း အလေးပေး ပြောခဲ့ကြပါတယ်။
ဒါ့အပြင် ဝန်ကြီးတွေက ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး လေကြောင်းအစီအစဉ် (GCAP) လို့ခေါ်တဲ့ စီမံကိန်းမှာ ဂျာမနီနိုင်ငံ ပါဝင်လာနိုင်မဲ့ အလားအလာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီစီမံကိန်းဟာ Eurofighter လေယာဉ်တွေကို ဆက်ခံမဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ရေးအတွက် ဗြိတိန်၊ အီတလီနဲ့ ဂျပန်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတခု ဖြစ်ပါတယ်။
ပါဝင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကြား သဘောထားကွဲလွဲခဲ့ပြီးတဲ့နောက် ဂျာမနီနဲ့ ပြင်သစ်တို့ဟာ သူတို့ကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်နေခဲ့တဲ့ အနာဂတ် တိုက်လေယာဉ် ထုတ်လုပ်ရေး အစီအစဉ်ကို ဆက်လုပ်တော့မှာ မဟုတ်ပါဘူး။
GCAP စီမံကိန်းမှာပါတဲ့ မိတ်ဖက်နိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ အီတလီ၊ ဂျပန်တို့ အနေနဲ့ ဂျာမနီနိုင်ငံကို သူတို့အစီအစဉ်ထဲမှာ လက်ခံဖို့ ဆန္ဒ ရှိ၊ မရှိနဲ့ ဘယ်လို စည်းကမ်း သတ်မှတ်ချက် တွေနဲ့ လက်ခံမလဲ ဆိုတာကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း သိချင်တယ်လို့လည်း ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
အီတလီနဲ့ ဂျပန်နိုင်ငံတို့က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လာမဲ့ တပတ်၊ နှစ်ပတ်အတွင်း ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပစ္စတိုးရီးယပ်စ်က ပြောခဲ့ပါတယ်။
လုပ်ငန်းစဉ်တွေကို အမြန်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း သူက အလေးပေး ပြောဆိုခဲ့ပါတယ်။
ဒီလေယာဉ်ကို ၂၀၄၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ စသုံးနိုင်ဖို့ မျှော်လင့်ရပါတယ်။ ဂျာမနီနိုင်ငံ ပါလာမယ်ဆိုရင် ကြိုဆိုတယ်လို့ စထရိတင်းက ပြောပေမဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို အီတလီ၊ ဂျပန်နိုင်ငံတို့နဲ့ ပူးပေါင်းချမှတ်ရမယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပစ္စတိုးရီးယပ်စ်က ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့ကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်လာနေတယ်လို့လည်း ထောက်ပြ ပြောပါတယ်။
Source: Reuters











