
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ရေကြီးပြီး ကမ်းပါးပြိုကျမှုတွေကြောင့် ရပ်ကွက် ၃ ခုက အိမ်ထောင်စု ၂၀ နီးပါးဟာ ရေစီးနဲ့ မျောပါ ဆုံးရှုံးသွားကြတာကြောင့် ဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ မင်းပြားဒေသခံ ကူညီပေးနေသူတွေက ပြောပါတယ်။
မင်းပြားမြို့က လမ်းမတော်ရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက်နဲ့ မင်းဘာကြီးရပ်ကွက်တို့က နေအိမ် ၂၀ နီးပါးဟာ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ လေးမြို့မြစ်ရေ မြင့်တက်မှုနဲ့အတူ ကမ်းပါပြိုကျပြီး ရေစီးနဲ့အတူ မျောပါသွားတာကြောင့် အိမ်ထောင်စု ၂၀ ကျော်ဟာ ဆွေမျိုးတွေရဲ့အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ကူညီပေးနေတဲ့ မင်းပြားမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မင်းပြားမြို့ရဲ့ ရေတိုက်စားမှုထဲမှာ ထိခိုက်နစ်နာမှု အများဆုံးတွေကတော့ ရွှေပြည်စိုးရပ်ကွက်မှာ အိမ် ၂၀ လောက် ပြိုပျက်စီးသွားပြီးတော့ နေစရာ မြေမရှိ ဖြစ်သွားပါတယ်။ မင်းဘာကြီးမှာလည်း မြေပြိုသွားလို့ နောက်ဆုတ်ကြတာ ထပ်ပြိုသွားလို့ မြေမရှိတော့တဲ့ အိမ်က ၆ အိမ်ရှိတယ်။ မင်းပြားမြို့ရဲ့ ဘုတ်ဆိပ်မှာလည်း ဆိုင်၊ အိမ် လုပ်တဲ့ ၅ အိမ်က လုံးဝ ကျိုးသွားပြီးတော့ ရှေ့က လမ်းပါ ကျိုးသွားတာ။ ပြီးရင် ဦးစိုးတင့် ရပ်ကွက်မှာတော့ အိမ် ၂၀ လောက်က မြစ်ထဲမှာ တပိုင်းတွဲနေကြပြီ။ ပြိုခါဆဲဆဲ အိမ် ၂၀ လောက် ရှိတယ်။”
မင်းပြားမြို့မှာ ဇူလိုင် ၇ ရက်ကနေ ၁၂ ရက်နေ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးသွားရတဲ့ သူတွေဟာလည်း လက်ရှိမှာ နေစရာမရှိဘဲ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
မင်းပြားမြို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေ နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုကျမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြတာလည်း ဖြစ်ပါတယ်။
အထက်ပါ ကူညီပေးနေသူက “ဘယ်လိုမျိုး နေထိုင်နေကြရလဲဆိုတော့ ပိုက်ဆံရှိပြီးသားလူတွေက မြို့ထဲမှာ ဝယ်ပြီးသားအိမ်တွေ ရှိကြတယ်။ ပိုက်ဆံမရှိတဲ့သူတွေက မင်းပြားမြို့မှာ မြေတွေက တအားဈေးကြီးတာကြောင့် နေစရာ နေရာမရှိတော့ အမျိုးရှိတဲ့သူတွေက အမျိုးတွေအိမ်မှာ နေကြသလို ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတဲ့ သူတွေလည်း ရှိကြတယ်။ အခက်အခဲတွေ တော်တော်လေးရှိတယ်လို့ သူတို့တွေက ပြောကြတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကမ်းပြိုကျမှုကြောင့် နေထိုင်ရာ အခက်ခဲဖြစ်နေတဲ့ မိသားစုတွေကို ပရဟိတ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြတာတွေ ရှိပေမဲ့ လောလောဆယ် စားဝတ်နေရေးလောက်သာ အဆင်ပြေကြပြီး အမြဲတမ်း နေထိုင်နိုင်ကြဖို့ မြေနေရာတွေ လိုအပ်နေကြဆဲလို့ သိရပါတယ်။
မင်းပြားမြို့ ကမ်းပါးပြိုကျမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အရင် အစိုးရအဆက်ဆက်က ကမ်းထိန်းနံရံတွေ တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ခိုင်ခံ့မှုမရှိဘဲ မိုးရာသီရောက်ရင် ပျက်စီးသွားတာတွေကြောင့် ကမ်းပါးပြိုကျတာတွေကို ထိန်းထားနိုင်တာမျိုး မရှိသေးတာလို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ ကမ်းပါးပြိုကျမှုဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေတာကြောင့် ကမ်းပါးပြိုကျမှုကို ထိန်းနိုင်ဖို့အတွက် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ လေးမြစ်မြို့ရေလမ်းကြောင်း ပြောင်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့လည်း မင်းပြားမြို့ခံတွေက ဆိုပါတယ်။
“မင်းပြားမြို့က ခေတ်အဆက်ဆက်က မြေပြိုလာတာဆိုတော့ အရင်အစိုးရတွေတုန်းက အုတ်နံရံတွေ လုပ်ဖူးတယ်။ ဒါပေမဲ့ နွေရာသီလုပ်ရင် မိုးရာသီကျရင် ပြန်ပျက်စီးသွားတယ်။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။ အဓိကတော့ ကျနော့်အမြင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပြောကြတာက ရေလမ်းကြောင်းပေါ့၊ အဲဒီ ရာမောင်တံတားကနေ ဆင်းလာတဲ့ ရေလမ်းကြောင်းကို ဦးစိုးတင့်ရပ်ကွက်ကို လာတိုက်တဲ့ ရေလမ်းကြောင်းကို မြစ်အလယ်ကို လွှဲရမှာဖြစ်တယ်။ ရေလမ်းကြောင်း မလွှဲဘဲ ဒီအတိုင်းထားရင် ဘယ်လောက်ပဲ အုတ်တံတိုင်းပဲထားထား အုတ်တံတိုင်းတွေလည်း မခံနိုင်ဘူး ကျိုးမှာပဲ။ ရေလမ်းကြောင်း လွှဲလိုက်ရင်တော့ ရေတိုက်စားမှု ပိုပြီး သက်သာသွားမယ်။”
လက်ရှိ မင်းပြားမြို့ပေါ်မှာ ရေကြီးမှုနဲ့ ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေကို အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရဘက်က စာရင်းပြုစုနေတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုထက်မနည်းမှာ ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်အထိ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကမ်းပြိုတာ၊ နေအိမ်ပျက်စီးတာ၊ လယ်မြေတာ ပျက်စီးတာတွေနဲ့ သောက်သုံးရေကန် ပျက်စီးတာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။











