
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ ရေကျော်ကျေးရွာမှာ ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၁ လုံး ပြိုကျကာ နေအိမ် ၅ လုံး ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ရေကျော်ကျေးရွာအတွင်း ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျခဲ့တာဖြစ်ပြီး ပြိုကျခဲ့တဲ့ ကမ်းပါးဟာ အလျား ပေ ၂၅၀ ခန့်နဲ့ အကျယ် ပေ ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းအနီးရှိ နေအိမ် ၁ လုံး ပြိုကျခဲ့ပြီး နောက်ထပ် နေအိမ် ၅ လုံးက ဒေသခံတွေကိုလည်း ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “လတ်တလော ဘေးလွတ်ရာနေရာတွေမှာ ယာယီ နေထိုင်နေကြပါတယ်။ ရုတ်တရက် ကမ်းပါးပြိုကျတာပါ။ မပြောင်းရွှေ့ရင် အန္တရာယ်ရှိတာကြောင့် ရွှေ့ပြောင်းခဲ့ရတာပါ” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြိုကျတာနဲ့ ရွှေ့ပြောင်းခဲ့ရတာတွေ ရှိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ရွှေလောင်းမြစ်ရေ ဆက်လက်တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ထပ်မံဖြစ်ပွားလာနိုင်တဲ့အတွက် မြစ်ကမ်းအနီး နေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။











