
ဧရာဝတီတိုင်း ဝါးခယ်မမြို့မှာ WY စိတ်ကြွရူးသွပ်မူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်သားကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ် ၁ နှစ်သာ ချမှတ်ပြီး အမှုတွဲပါ အရပ်သား ၄ ယောက်ကို ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ပထမအပတ်က အရပ်သား ၄ ယောက်ကို အရပ်ဘက်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ မိခဲ့တဲ့ ရဲတပ်သား ကောင်းဆက်ဇော်ကို အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုခြင်းမပြုဘဲ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ် ၁ နှစ်သာ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၈ ရက်က ဝါးခယ်မမြို့ မြသိန်းတန်ရပ်ကွက် ဝါးခယ်မတံတားအဆင်းရှိ ADK Hotel အခန်းအမှတ် ၃၀၁ မှာ မူးယစ်ဆေးဝါးတွေ ရှိနေတယ်ဆိုတဲ့ သတင်းအရ မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင် ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တာလို့ သိရပါတယ်။
အဲဒီလို ရှာဖွေရာမှာ ရဲတပ်သား ကောင်းဆက်ဇော်နဲ့ အရပ်သားတွေဖြစ်တဲ့ မယမင်းသော်၊ မအေးချမ်းသော်၊ ကိုမဲကြီးနဲ့ ကိုဇင်ဇင် ဆိုသူတို့ အပါအဝင် စုစုပေါင်း ၅ ယောက်ကို WY စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “ဖမ်းတဲ့အချိန်မှာတော့ ရဲတပ်သားပါ အားလုံးအတူတူ ဖမ်းမိတာလို့ သိရတယ်။ ဒါပေမဲ့ အမှုဖွင့်တဲ့အခါမှာ ရဲတပ်သားကို တရားခံစာရင်းထဲက ဖယ်ပြီး အရပ်သားတွေကိုပဲ အရေးယူခဲ့တယ်လို့ သိရတယ်။ အခုလည်း အရပ်သားတွေကို ထောင် ၁၁ နှစ်စီချပြီး ရဲတပ်သားက ထောင် ၁ နှစ်ပဲဆိုတော့ တော်တော်လေး မမျှတဘူးပေါ့” လို့ ပြောပါတယ်။
အမှုဖွင့် အရေးယူရာမှာ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ရဲတပ်သား ကောင်းဆက်ဇော်ထံက ငွေကျပ် ၅ သိန်းနဲ့ နယ်ထိန်းတယောက်ကို ငွေကျပ် ၅ သောင်းစီ ပေးပြီး စုစုပေါင်း ငွေကျပ် ၁၅ သိန်း ရယူကာ ရဲတပ်သားကို တရားခံစာရင်းကနေ ဖယ်ချန်ခဲ့ပြီး အရပ်သား ၄ ယောက်ကိုသာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ADK Hotel မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး မှုခင်းရဲတပ်ဖွဲ့ (CID) က ကွင်းဆင်းစစ်ဆေးခဲ့တယ်။ ရဲတပ်သား ကောင်းဆက်ဇော် အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့ စစ်ဆေးချက်တွေအရ ပေါ်ပေါက်ခဲ့တယ်” လို့ ပြောပါတယ်။
ရဲတပ်သား ကောင်းဆက်ဇော်ဟာ ရဲခုံရုံးစစ်ဆေးမှု ခံယူနေစဉ် မတ်လ ဒုတိယပတ်မှာ နယ်ထိန်းရဲတပ်သား သက်ကိုကိုနဲ့ ပူးပေါင်းပြီး လှေကျင်းရပ်ကွက် ၁ လမ်းရှိ နေအိမ်တအိမ်ကို WY ဆေးပြား ရောင်းချတယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီးကာ ငွေကျပ် သိန်းဆယ်ချီ တောင်းယူခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ သိမ်းဆည်းရမိတဲ့ ဆေးပြားတွေကို ရဲစခန်းကို တင်ပြခြင်းမရှိဘဲ ကိုယ်တိုင်သုံးစွဲတာနဲ့ ပြင်ပမှာ ပြန်လည်ရောင်းချတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရဲတပ်သားကို အကာအကွယ်ပေးပြီး အမှုဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဝါးခယ်မမြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်ကိုလည်း ရာထူးတပွင့်လျှော့တဲ့ ပြစ်ဒဏ်သာ ချမှတ်ခဲ့တယ်လို့ သတင်းရရှိထားပြီး ထိရောက်တဲ့ အရေးယူမှု မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေးမှာ အဓိကကျတဲ့ စစ်အာဏာရှင် လက်အောက်ခံ တရားရုံးက ရဲတပ်သားနဲ့ အရပ်သားတွေကြား ပြစ်ဒဏ်ကွာခြားမှုအပေါ် တရားမျှတမှု လုံးဝမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။











