
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျလို့ လူနေအိမ် ၂၇ လုံး ထက်မနည်း အရေးပေါ် ဖျက်ပြီးပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ တိုးမြစ်ရေ၊ ငဝန်မြစ်ရေ၊ ဧရာဝတီမြစ်ရေနဲ့ ပန်းလှိုင်မြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျခဲ့တာပါ။
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အိမ်ဖျက် ပြောင်းရွှေ့ရတာက အန္တရာယ်ရှိတဲ့ အခြေအနေကြောင့်ပါ။ တလအတွင်း အိမ်အလုံး ၂၇ လောက်အထိ ပြောင်းရွှေ့ခဲ့ရတယ်။ ကြိုတင်ပြောင်းရွှေ့ခဲ့လို့ အိမ်တွေလောက်ပဲ ဆုံးရှုံးတာ။ အခြား လူတွေဘာတွေ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။
ညောင်တုန်းက ၄ လုံး၊ ပန်းတနော်က ၃ လုံး၊ မြန်အောင်က ၃ လုံး၊ ဓနုဖြူက ၄ လုံး၊ ငါးသိုင်းချောင်းက ၅ လုံး၊ ကြံခင်းက ၃ လုံး၊ ဟင်္သာတက ၅ လုံးကို ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပန်းတနော်မြို့နယ်၊ ရွှေဖလားကျွန်းရွာဘက်မှာက မြစ်ရေတိုက်စားလို့ ကမ်းပြိုမှုတွေဖြစ်ပွားနေပါတယ်။ အိမ်တွေလည်း ပြောင်းရတာမနည်းတော့ဘူး။ စိုက်ပျိုးမြေတွေလည်း ကမ်းပြိုကျတဲ့အထဲပါကုန်တယ်” လို့ပြောပါတယ်။
ကမ်းပါးပြိုကျတာကို သက်ဆိုင်ရာအဖွဲ့အစည်းဌာနတွေက ရေရှည်အတွက် ခိုင်ခံ့ပြီး စနစ်တကျ ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ အချိန်မီမလုပ်ရင် ကမ်းပြိုကျတာ ပိုဆိုးလာနိုင်ပြီး ပျက်စီးဆုံးရှုံးတာလည်း ပိုများလာမယ်လို့ ဒေသခံတွေက ဆိုပါတယ်။










