
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်မှာ မီးပုံးပျံအတွက် ယမ်းစပ်ရာကနေ ပေါက်ကွဲ မီးလောင်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၃၁ ရက်အထိ သေဆုံးသူ ၃ ယောက် ရှိလာခဲ့ပြီလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ည ၇ နာရီခွဲက ကံသာရပ်ကွက်၊ နယ်မြေ (၁)၊ မြရတနာလမ်းရှိ နေအိမ်တအိမ်မှာ ညမီးကြီး မီးပုံးပျံအတွက် ယမ်းစပ်ရာကနေ ပေါက်ကွဲမီးလောင်ခဲ့တာပါ။
မီးလောင်မှုကြောင့် အခင်းဖြစ်နေရာမှာပဲ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား တယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိခဲ့သူ ၄ ယောက်ကို စဝ်စံထွန်းဆေးရုံကြီးဆီကို ပို့ဆောင် ဆေးကုသမှု ပေးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာတော့ အသက် ၄၀ အရွယ်တယောက် သေဆုံးသွားသပြီး အောက်တိုဘာ ၃၀ ရက်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်တယောက် ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မီးသတ်ဌာနနဲ့ နီးစပ်သူ တယောက်က “ဆေးရုံတင်ထားရတဲ့သူ ၄ ယောက်ထဲက ၂၆ ရက်နေ့မှာ တယောက် ဆုံးခဲ့သလို၊ မနေ့ကလည်း ၂၅ နှစ်အရွယ် တယောက် ထပ်ဆုံးပါတယ်။ ကျန်တဲ့ ၂ ယောက်ထဲက ၁ ယောက်ကလည်း စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး၊ စဖြစ်တဲ့နေ့ကတည်းက ဆိုရင် အခု သေဆုံးသူ ၃ ယောက်ထိ ရှိလာပါပြီ” လို့ DVB ကို ပြောပါတယ်။
မီးပုံးပျံ ပြိုင်ပွဲတွေမှာ ညမီးကြီးအတွက် ယမ်းစပ်ရာမှာ ပိုမိုထူးခြားကောင်းမွန်စေဖို့ ယမ်းကို ပိုမို သုံးစွဲကြရာကနေ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာရတာဖြစ်လို့ ယမ်းစပ်သူတွေအနေနဲ့ အထူး သတိထားသင့်ကြောင်း တောင်ကြီးမြို့ခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၉ ရက် ညကလည်း မီးကြာ လှည့်လည်ပွဲ ပြုလုပ်စဉ် လွှတ်တင်လိုက်တဲ့ မီးပုံးပျံမှ မီးစာပြုတ်ကျခဲ့တာကြောင့် ကံကြီးဘုန်းကြီးကျောင်း ပြသာဒ် မီးလောင်ခဲ့ပြီး ဒေသခံတွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရပါတယ်။
ကံသာရပ်ကွက်အတွင်း ဖြစ်ပွားခဲ့တဲ့ ယမ်းစပ် ပေါက်ကွဲ မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုံရိပ် မီးပုံးပျံအဖွဲ့မှ မီးဆရာဖြစ်သူကို တောင်ကြီး မြို့မရဲစခန်းက မီးပေါ့ဆမှုနဲ့ အရေးယူထားတယ်လို့ မီးသတ် သတင်းရင်းမြစ်ကနေ သိရပါတယ်။











