
နယူးယောက်မြို့ စတေတင်ကျွန်းက သင်္ဘောကျင်းတခုမှာ မေ ၂၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နောက် သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့လို့ လူတယောက် သေဆုံးကာ ၃၆ ယောက် ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးသတ်သမားတွေဟာ မီးလောင်မှု ဖြစ်တဲ့နေရာမှာ မီးငြှိမ်းသတ်ရင်း ပိတ်မိနေတဲ့လူ ၂ ယောက်ကို ကယ်တင်ဖို့ ကြိုးစားနေတုန်း ပေါက်ကွဲမှု ထပ်ဖြစ်ပွားခဲ့တာလို့ နယူးယောက် မြို့တော်ဝန် ဇိုရန် မမ်ဒါနီက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဒါဟာ ရှုပ်ထွေးပြီး မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာ တဲ့ အရေးပေါ်အခြေအနေလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ နယူးယောက် မီးသတ်ဌာန (FDNY) က အဖွဲ့ဝင် ၃၄ ယောက်အပါအဝင် စုစုပေါင်း ၃၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ မီးသတ်သမား ၂ ယောက်ထဲက တယောက် ဟာ နားထင်ရိုး အက်ပြီး ဦးနှောက် သွေးယိုစီးတာကြောင့် အသက်ရှူပိုက်ထည့်ထားရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
နောက်ထပ် မီးသတ်သမားတယောက်ကတော့ အခြေအနေ ပြင်းထန်ပေမဲ့ သက်သာလာပြီ ဖြစ်ပါတယ်။
အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာရထားတဲ့ ကယ်ဆယ်ရေးသမား ၂ ယောက်ကိုတော့ စတေတင်ကျွန်းတက္ကသိုလ်ဆေးရုံကို ပို့ဆောင်ထားပြီး အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ယောက်အပါအဝင် အဖွဲ့ဝင် ၁၀ ယောက် လောက်ကိုလည်း ရစ်ချ်မွန် တက္ကသိုလ် ဆေးဘက်ဆိုင်ရာစင်တာကို ပို့ဆောင်ထားပါတယ်။
မြို့တော်ဝန် မမ်ဒါနီက “မီးသတ်နဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာဌာန (EMS) စုစုပေါင်း အစီး ၇၀ နီးပါးက အင်အားအပြည့်နဲ့ ဝိုင်းဝန်းတုံ့ပြန် ဆောင်ရွက်ခဲ့ရတာပါ။ လက်ရှိ မီးလောင်နေဆဲ အခင်းဖြစ်နေရာမှာ ကယ်ဆယ်ရေးသမား အယောက် ၂၀၀ ကျော် ရှိနေပါတယ်။ လက်ရှိမှာ မီးသတ်သမားတွေက မီးကို ထိန်းချုပ်နိုင်ခဲ့ပါပြီ”လို့လည်း ဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သေဆုံးသွားသူဟာ အရပ်သားတယောက်ဖြစ်ပြီး အခင်း ဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်ကာ ဒဏ်ရာရတဲ့ အရပ်သား နောက်တယောက်ကိုတော့ ဆေးရုံ ပို့ဆောင်ထားပါတယ်။
မီးလုံးဝငြိမ်းသွားတာနဲ့ နယူးယောက်မီးသတ်ဌာန (FDNY) က အရာရှိတွေက မီးလောင်ရတဲ့ အကြောင်းရင်းကို ဘက်စုံ စုံစမ်းစစ်ဆေးမှုတွေ စတင်သွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို မြို့ခံတွေကို ချက်ချင်း အသိပေးသွားမယ်လို့ မြို့တော်ဝန် မမ်ဒါနီက ပြော ပါတယ်။
Source:Reuters










