
ပြည်ထောင်စုလွှတ်တော်ရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ သမ္မတဖြစ်လာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ် တပ်ချုပ်ဖြစ်ချိန်က စလို့ စစ်ခေါင်းဆောင်ဟာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကိုပါ ရယူဖို့အထိ ကြိုးပမ်းခဲ့တာကို သူ့ရဲ့ တရားမဝင် လုပ်ရပ်တွေက ညွှန်ပြနေပါတယ်။
ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရွေးချယ်မှုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့နောက်ပိုင်းမှာ တပ်တွင်းက ၎င်းနဲ့ အပတ်စဉ်မတိမ်းမယိမ်းတွေကို ဖယ်ရှားရင်း မင်းအောင်လှိုင်တယောက် တပ်မှာ အာဏာ အခြေခိုင်အောင် တည်ဆောက်ခဲ့ပါတယ်။



တပ်ချုပ်ဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ သားနဲ့ သမီးဖြစ်တဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ စီးပွားရေးအင်ပါယာထူထောင်လာတာ၊ ၎င်းကိုယ်တိုင် အာဏာနဲ့ စည်းစိမ်ကို ယစ်မူးလာတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်ကပဲ ရေးဆွဲထုတ်ပြန်ခဲ့တဲ့ ဥပဒေနဲ့ အမိန့်တွေကို ဦးဆောင်ချိုးဖောက်သူ ဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပြီး တိုင်းပြည်ရဲ့ အာဏာအလုံးစုံကို အဓမ္မရယူခဲ့ပါတယ်။ အဲ့ဒီနောက် ယခင်က သူကိုယ်တိုင် နှုတ်က ထုတ်ပြောခဲ့တဲ့ တပ်ချုပ်သက်တမ်းဟာ အကန့်အသတ်မဲ့မဟုတ်ဘူးဆိုတဲ့ စကားကိုလည်း မျက်ကွယ်ပြုပြီး တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေရဲ့ အသက်ကန့်သတ်ချက်တွေကို ပြန်ပယ်ဖျက်ခဲ့ပါတယ်
အာဏာသိမ်းထားစဉ်အတွင်း တပ်ချုပ်တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဆိုတဲ့ ရာထူးတွေနဲ့ ၅ နှစ်ကြာ အပြန်အလှန် အာဏာလွှဲနေရင်း တိုင်းပြည်ကို တရားမဝင် အုပ်ချုပ်ခဲ့ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီကို နိုင်ငံရေးဇာတ်ခုံပေါ် ပြန်လည်ဆွဲတင်ခဲ့ပြန်ပါတယ်။ သူကိုယ်တိုင်လည်း သမ္မတဇာတ်ကောင်ကို ပြောင်းကာ နောက်ထပ် ၅ နှစ် အုပ်ချုပ်ဖို့ လုပ်ဆောင်လာပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲဖို့ တပ်တွင်းက အောက်ခြေစစ်သည်တွေက အသက်ပေးနေသလို အလိုတူအလိုပါ စစ်ရာဇဝတ်မှုတွေကိုလည်း ကမ်းကုန်အောင် ကျူးလွန်နေကြပါတယ်။ တဖက်မှာတော့ တရားမဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက ပြည်သူထောင်ပေါင်းများစွာဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံနေကြရပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
လက်ရှိ တပ်ဩဇာခံတွေ ကြီးစိုးတဲ့ လွှတ်တော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တာဟာ ၅ နှစ်တာ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်အတွက်ကတော့ အာဏာတည်မြဲရေးသာ လုပ်ဆောင်နေတာ ဖြစ်ပေမယ့် တရားဝင်မှုကတော့ အခုထိ အလှမ်းဝေးနေဆဲလည်းဖြစ်ပါတယ်။











