
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ ရေဘေးကြောင့် ၂ ဦး သေဆုံးပြီး ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လေးမျက်နှာမြို့အနီး ငဝန်မြစ်ရေတား တာဘောင်ကျိုးပေါက်မှုကြောင့် အခုလအစောပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ရေစတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ရေစတင်ဝင်ရောက်ပြီး တပတ်ကြာလာတဲ့အချိန်မှာ ကျေးရွာပေါင်း ၁၀၀ ကျော်အထိ ရေဝင်နစ်မြုပ်တဲ့ ဧရိယာကျယ် ပြန့်လာပြီး ရေဘေးသင့်ပြည်သူတွေလည်း ဆက်လက်တိုးမြင့်လာနေပါတယ်။
လက်ရှိမှာ ရေဘေးကြောင့် သေဆုံးသူ ၂ ဦးအထိရှိလာပြီး ကယ်ဆယ်ရေးကားမှောက်လို့ ၆ ဦး ထိခိုက်ဒဏ်ရာရထားပါတယ်။
မနေ့ ဩဂုတ် ၅ ရက် မနက်မှာ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ကနေ လေးမျက်နှာရေဘေးကို ထမင်းထုပ်တွေ လာလှူတဲ့အဖွဲ့တဲ့က အသက် ၂၀ အရွယ် အမျိုးသားတယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “ထမင်းထုပ်ဝေပြီးအပြန် အိုင်သပြုလမ်းဆုံနားမှာ လက်ကကိုင်ထားတဲ့ ကြိုးတန်းကို လွတ်ပြီးမျောသွားတာ။ ကောင်လေးက ရေမကူးတတ်ဘူး။ ကယ်ဆယ်ရေးတွေ ဝိုင်းရှာတာ အလောင်းတော့ ပြန်ရတယ်” လို့ DVB ကို ပြောပါတယ်။
ရေစီးနဲ့မျောပါသွားသူဟာ ငသိုင်းချောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ မောင်နေမင်းခန့် ဖြစ်ပြီး မန္တလေး၊ ဘားအံနဲ့ ရန်ကုန်က ရောက်နေတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ နယ်မြေခံ ကယ်ဆယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းရှာဖွေခဲ့ရာ ညနေပိုင်းမှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဘေး ၃ ရက်မြောက်နေ့မှာလည်း လေးမျက်နှာမြို့ အမှတ် ၃ ရပ်ကွက်က တယောက်တည်း နေထိုင်သူ အသက် ၆၉ နှစ်အရွယ် ဒေါ်သန်းဌေးရဲ့ သေဆုံးရုပ်အလောင်းကို နေအိမ်ကနေ သယ်ထုတ်ခဲ့ရတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
လတ်တလော ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ လေးမျက်နှာ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇၇၃၄ လုံး၊ အိမ်ထောင်စု ၇၈၅၈ စု၊ လူ ဦးရေ ၃၂၆၀၇ ယောက် ရေဘေးသင့်ခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရက သတင်းထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ရေဘေးသင့် ပြည်သူ ၄၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိမှာ ငဝန်မြစ်ရေဟာ လေးမျာက်နှာမြို့နယ်အပြင် အနီးပတ်ဝန်းကျင်က မြို့နယ်တွေနဲ့ ကျေးရွာတွေထဲပါ ဝင်ရောက်နေတဲ့အတွက် ရေဘေးသင့်ဧရိယာ ပိုမိုကျယ်ပြန့်လာတဲ့အပြင် ရေဘေးသင့် ဦးရေလည်း ဆက်တိုးလာဖို့ ရှိနေပါတယ်။










