
ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးအင်အား ခိုင်မာအောင် ကူညီပေးလို့ အမေရိကန်ကို ကျေးဇူးတင်တယ် လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က မေ ၁၂ ရက်မှာ ပြောကြားလိုက်ပြီး ထိုင်ဝမ်အနေနဲ့ ဖိအားတွေ ကို လိုက်လျောမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
အခုအပတ် တရုတ်မြို့တော် ပေကျင်းမှာ ကျင်းပမဲ့ အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေအကြား ထိပ်သီးအစည်းအဝေးမတိုင်မီ ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မေ ၁၄ နဲ့ ၁၅ ရက်မှာ ၂ ရက်ကြာ အစည်းအဝေးတွေ ကျင်းပမှာဖြစ်ပြီး တရုတ်ပြည်မကြီးအစိုးရက ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်တဲ့ ထိုင်ဝမ်ပြဿနာကို ဆွေးနွေးဖို့ သေချာတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအကြီးဆုံး နိုင်ငံတကာ ထောက်ခံသူ ဖြစ်သလို အဓိက လက်နက်ရောင်းချသူလည်း ဖြစ်လို့ လက်နက်ရောင်းချမှုရပ်ဖို့ တရုတ်က တောင်းဆိုထားပါတယ်။
ကိုပင်ဟေဂင်မြို့မှာ ကျင်းပတဲ့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးမှာ ဗီဒီယိုမက်ဆေ့ချ်ကတဆင့် မိန့်ခွန်းပြောရာမှာ လိုင်က “လုံခြုံရေးအတွက် မယိမ်းယိုင်တဲ့ အမေရိကန်ရဲ့ ကတိကဝတ်” အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့တာဖြစ်ပြီး ထရမ့်ပ်နဲ့ ရှီ တွေ့ဆုံမှုကို တိုက်ရိုက်မဖော်ပြခဲ့ပါဘူး။
တရုတ်ရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအောက်မှာ လွတ်လပ်တဲ့ သမ္မတရွေးကောက်ပွဲကို ကျင်းပပြီး ဆယ်စု နှစ်သုံးခု အကြာမှာ ထိုင်ဝမ်ဟာ အာရှမှာ အရေးပါတဲ့ ဒီမိုကရေစီအင်အားစုတခု ဖြစ်လာ တယ်လို့လည်း လိုင်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်၊ လွတ်လပ်တဲ့နိုင်ငံဖြစ်ပြီး ဖိအားပေးမှုကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း လိုင်က အလေးပေး ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။
တရုတ်နိုင်ငံက လိုင်ကို အကောင်းမြင်ခြင်းမရှိတဲ့ “ခွဲထွက်ရေးသမား” လို့ ခေါ်ဆိုထားပါတယ်။ လိုင်က ဆွေးနွေးဖို့ ကမ်းလှမ်းတာကိုလည်း တရုတ်ပြည်မကြီးအစိုးရက ငြင်းပယ်ခဲ့ပါတယ်။
Source: Reuters










