DVB Logo
Home
နိုင်ငံတကာ
ပင်လယ်ပြင်၌ တရုတ်သင်္ဘော ၅၀ ကျော် လှုပ်ရှားမှုကို ခြိမ်းခြောက်မှုအဖြစ် ထိုင်ဝမ် ရှုမြင်
DVB
·
October 29, 2026
Photo: REUTERS / SOCIAL MEDIA WEBSITE
Photo: REUTERS / SOCIAL MEDIA WEBSITE
Donate to DVB

ဂျပန်နိုင်ငံတောင်ပိုင်းကနေ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်အထိ ကျယ်ပြန့်တဲ့ ရေပြင်အတွင်း တရုတ်စစ်သင်္ဘော၊ ပင်လယ်ပြင်စောင့်တပ်နဲ့ တခြားအစိုးရသင်္ဘော အစင်း ၅၀ ထက်မက လှုပ်ရှားနေတာကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဒီလအစောပိုင်းတုန်းက တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက လျောင်နင်း   လေယာဉ်တင်သင်္ဘောဟာ ပုံမှန်လေ့ကျင့်ရေးဆင်းနေတာဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူး ကတော့ “အင်ဒို-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးကိုမှ မမြင်ချင်ပါဘူး” လို့ လွှတ်တော်ထဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ထိုင်ဝမ်ရဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးစနစ်တွေတင် မကဘဲ မဟာမိတ်နိုင်ငံတွေနဲ့ပါ သတင်းအချက်အလက် ချိတ်ဆက်ဖလှယ်ပြီး အပြည့်အဝ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့လည်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနဲ့ စစ်ပွဲဝင်အသင့်ရှိမှုကို မြှင့်တင်ပြီး အင်အားသုံးလို့ ငြိမ်းချမ်းရေးကို ကာကွယ်သွားမယ်လို့ ထည့်ပြောပါတယ်။

လတ်တလောလတွေအတွင်း တရုတ်ဟာ ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာနေတာပါ။

ဂျပန်က ထိုင်ဝမ်ကို ထောက်ခံနေတာကြောင့် တရုတ်က မကျေမနပ်ဖြစ်နေသလို တောင်တရုတ်ပင်လယ်မှာလည်း ဖိလစ်ပိုင်နဲ့ အချေအတင်ဖြစ်မှုတွေ ပိုပြင်းထန်လာနေပါတယ်။

ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဂျိုးဆက်ဖှ်ဝူက X မှာ ဝေမျှခဲ့တဲ့ မြေပုံအရ လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘောအုပ်စုဟာ ဖိလစ်ပိုင်အရှေ့ဘက်မှာ ရှိနေပြီး တခြားစစ်သင်္ဘောအုပ်စုတွေက ထိုင်ဝမ်အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်၊ တခြား ၃ စင်းကတော့ ဂျပန်တောင်ဘက်ကမ်းလွန်တို့မှာ လှုပ်ရှား တပ်စွဲထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013