ထိုင်ဝမ် ဒေသန္တရရွေးကောက်ပွဲတွင် အာဏာရပါတီက မြို့တော်ကလွဲပြီး နိုင်ငံတဝန်းအနိုင်ရ

တရုတ်နိုင်ငံက အထူးအလေးထား စောင့်ကြည့်ခဲ့တဲ့ ထိုင်ဝမ် ဒေသန္တရရွေးကောက်ပွဲတွေ ပြီးသွားချိန်မှာ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)က နိုင်ငံတဝန်း အောင်မြင်မှုတွေ ရခဲ့ပေမဲ့ မြို့တော်တိုင်ပေမှာ မျှော်မှန်းသလို မအောင်မြင်ခဲ့ပါဘူး။
တိုင်ပေမြို့တော်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး၊ တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူခံထားရသူ DPP လွှတ်တော်အမတ် ပူးမားရှန်က အတိုက်အခံ ကူမင်တန်ပါတီ (KMT) က လက်ရှိ မြို့တော်ဝန် ချိန်ဝမ်အန်းကို ရှုံးနိမ့်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ကူမင်တန်ပါတီဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ လိုလားတဲ့ပါတီပါ။ ရှုံးနိမ့်ကြောင်း ဝန်ခံတဲ့မိန့်ခွန်းမှာ ရှန်က ဘယ်သူအနိုင်ရသည် ဖြစ်စေ တိုင်ပေမြို့အတွက်၊ ထိုင်ဝမ်တခုလုံးအတွက် အောင်ပွဲတခုပဲလို့ ပြောပါတယ်။
ရှန်ဟာ (သမုဒ္ဒရာရေစီးကြောင်း) လို့ခေါ်တဲ့ စိတ်အားထက်သန်တဲ့ ထောက်ခံသူအုပ်စုကို ပိုင်ဆိုင်ထားပါတယ်။
ဒီအုပ်စုဟာ အစပိုင်းမှာ တရုတ်နိုင်ငံ အပေါ် စိုးရိမ်ပူပန်ကြတဲ့ မဲဆန္ဒရှင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး၊ နောက်ပိုင်းမှာ ရှန်ရဲ့ မူဝါဒပိုင်းဆိုင်ရာ အလေးပေး မဲဆွယ်စည်းရုံးရေးတွေကြောင့် ပိုအားကောင်းလာခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေးအတွင်း သူသာ အနိုင်ရရင် ဘာတွေ လုပ်မယ်ဆိုတာကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။
DPP ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ထိုင်ဝမ် သမ္မတလိုင်ချင်းတယ်က အများအားဖြင့် အပြန်အလှန် စွပ်စွဲတိုက်ခိုက်မှုတွေကိုသာ အဓိကထားလေ့ရှိတဲ့ ရွေးကောက်ပွဲ ယဉ်ကျေးမှုကို ပြောင်းလဲပေးခဲ့တဲ့အတွက် ရှန်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။
တိုင်ပေမြို့က ရှန်းရဲ့ မဲဆွယ်ပွဲကိုတက်ခဲ့တဲ့ ထောက်ခံသူတယောက်က “စိတ်ပျက်မိပေမဲ့ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားတာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။
တခြားဒေသတွေမှာ DPP ပါတီက အောင်မြင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေအရ ထိုင်ဝမ်ရဲ့ အကြီးဆုံး မြို့ကြီး ၆ မြို့မှာ အာဏာရ DPP ပါတီနဲ့ အတိုက်အခံ KMT ပါတီတို့က ၃ မြို့စီ အနိုင်ရခဲ့ပါတယ်။
DPP ပါတီက ထိုင်ဝမ်ရဲ့ ဒုတိယ လူဦးရေအများဆုံးမြို့ဖြစ်တဲ့ ထိုင်ကျုံးမြို့ ကို ပြန်ရယူနိုင်ခဲ့ပါတယ်။ DPP ပါတီအနေနဲ့ တိုင်ပေမြို့ကို အရင်က တကြိမ်သာ အုပ်ချုပ်ခွင့် ရဖူးခဲ့ပြီး၊ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ချန်ရွှေးဗျန်းက မြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့ပါတယ်။
နောက်ပိုင်းမှာ ချန်ရွှေဗျန်းက DPP ပါတီကနေ ထိုင်ဝမ်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။
Source: Reuters











