
ထိုင်းအရှေ့မြောက်ပိုင်း၊ ဥဒွန်းဌာနီခရိုင်ရှိ ခေါက်ဆွဲပြုတ်ဆိုင်တဆိုင်မှာ ဇွန် ၉ ရက်က ဖောက်သယ်အချို့ ကွေ့သယို ဝယ်စားပြီးနောက် အစာအဆိပ်သင့်ခဲ့လို့ ၁၄ ယောက် ဆေးရုံ တက်ရကာ ၄ ယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဥဒွန်းဌာနီမြို့မှာ မနေ့က လူအချို့ ဗိုက်နာပြီးဝမ်းသွား၊ အော့အန်၊ ခေါင်းကိုက်ပြီး အသက်ရှူရ ခက်ခဲတာတွေဖြစ်ခဲ့လို့ နီးစပ်ရာဆေးရုံဆေးခန်းတွေ ရောက်လာကြကာ လောလောဆယ် ဆေးရုံ တက်ရောက်ကုသနေရသူ ၁၄ ယောက် ရှိပြီး ၄ ယောက်က ဝေဒနာပြင်းထန်တာကြောင့် ဆရာဝန် တွေက အနီးကပ်စောင့်ကြည့်ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
ဆေးရုံက စစ်ဆေးမေးမြန်းရာမှာ အားလုံးဟာ နောင်နားခမ်းအုပ်စု ဖွန်းဆဝမ်ရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်ကနေ ကွေ့သယိုဝယ်စားပြီးတဲ့နောက် အလားတူဝေဒနာတွေ ခံစားရတာလို့ ဆိုပါတယ်။
နယ်မြေရဲစခန်းမှာ သွားရောက်အကြောင်းကြားထားသူတွေလည်းရှိတာကြောင့် ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဌာနနဲ့ နောင်ဘိုအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေဟာ အဆိုပါခေါက်ဆွဲဆိုင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဆိုင်ရှင်ဖြစ်သူ နန်းဘွန်းလိန်းသူဟာ ခေါက်ဆွဲဆိုင်ဖွင့်လာတာ ၁၀ နှစ်ကျော်ပြီ တခါမှ ဒီလို ပြဿနာမကြုံဖူးဘူး၊ မနေ့က ကွေ့သယို အဆာပလာတွေလုပ်ရာမှာ မောင်လေးဖြစ်သူ နွီယူလာတဲ့ ဆားကို ထည့်လိုက်တာပဲရှိတယ်၊ သူ့ဆိုင်က အလုပ်သမားတယောက်လည်း ကွေ့သယိုစားပြီး အော့အန် ဝမ်းသွားတာတွေဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံပါတယ်။
ဆိုင်ရှင်ရဲ့မောင်ဖြစ်သူ နွီဟာ ဆောက်လုပ်ရေးအလုပ်သမားဖြစ်ပြီး အဲဒီဆားထုတ်ကိုတော့ ပစ္စည်းဟောင်းရောင်းဝယ်တဲ့ ဆိုင်ဖွင့်ထားတဲ့ အသိဆီက ယူလာခဲ့တယ်။ ပစ္စည်းဟောင်း ရောင်းတဲ့ ဆိုင်ကို မေးရာမှာတော့ အဲဒီအထုတ်ဟာ အမှိုက်ပုံထဲက ကောက်ရတာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက အဆိုပါ ဆားထုတ်မှာ အဆိပ်သင့်ဓာတုပစ္စည်းတွေပါဝင်တယ်လို့ သံသယရှိပြီး ကွေ့သယိုဟင်းရည်တွေကို နမူနာယူကာ ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ယူသွားတယ်၊ လောလောဆယ် ဘယ်သူ့ကိုမှ အရေးယူအမှုဖွင့်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ပြည်သူတွေအနေနဲ့ မိမိသေချာမသိသော အရာတွေကို အစားအစာထဲ ထည့်သွင်း ချက်ပြုတ်စားသုံးခြင်းမပြုဖို့ ဥဒွန်းဌာနီပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
Source: CH7 HD News / Workpoint News










