
ရခိုင်ပြည်နယ် စစ်ပွဲတွေကြားမှာ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နေရတဲ့ လူမှုပရဟိတအဖွဲ့အစည်းတွေနဲ့ အခမဲ့ဆေးပေးခန်းတွေမှာ ငွေကြေးပြတ်လပ်မှု၊ အကြွေးနွံနစ်မှုနဲ့ လေကြောင်းရန်ခြိမ်းခြောက်မှုတွေကြောင့် အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ရခိုင်က လူမှုပရဟိတအသင်းအဖွဲ့တွေဟာ ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ပံ့ပိုးမှုအပေါ်မှာ ရာနှုန်းပြည့် မှီခိုနေကြရတာပါ။
ဒါပေမဲ့ လက်ရှိမှာ အလှူငွေစီးဆင်းမှု သိသိသာသာ လျော့နည်းသွားတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
အလားတူပဲ ပုဏ္ဏားကျွန်း လူငယ်အသင်း PYA ပရဟိတအဖွဲ့ဟာလည်း အလှူရှင် နည်းသွားပေမဲ့ လူနာကူညီရေးကို ရပ်လို့မရတာကြောင့် ကယ်ဆယ်ရေး ခရီးစဉ်တိုင်းကို “အကြွေး” နဲ့ပဲ လည်ပတ်နေရတယ်လို့ PYA ရဲ့ တာဝန်ရှိသူ ကိုပြည့်ဖြိုးနိုင်က ပြောပြပါတယ်။
“အခုလက်ရှိ အခြေအနေက အသင်းအလှူငွေ နည်းပါးတဲ့အခါကျတော့ မျှော်လင့်ချက်လေးနဲ့ နေပြီး ကူညီကယ်ဆယ်ရေးတွေကို အကြွေးယူပြီး လုပ်ထားတာပေါ့၊ အဲဒီလိုအခြေအနေမျိုးမှာ ထင်သလောက်မဖြစ်တော့ ဒီတော်တော်လေး အခက်အခဲတွေ ဖြစ်ပြီးတော့ ဘေးကျပ်နံကျပ်တွေ ဖြစ်နေပါတယ်။ တပတ် တခါလောက်တော့ အကြွေးလာတောင်းကြတယ်။ ကျနော်တို့မှာ ပေးစရာ ပိုက်ဆံမရှိတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အသင်း ရှင်သန်ရပ်တည်ဖို့ကျတော့ အလှူရှင်တွေ ဝိုင်းဝန်းကူညီပေးဖို့တော့ လိုအပ်တာပေါ့။ ဘာလို့လဲဆို ကျနော်တို့မှာ လက်ရှိအခြေအနေက လုပ်အားပဲ စိုက်နိုင်တဲ့ အခြေအနေလေ၊ အကြွေးတွေ ကျေပြီးမှပဲ အသင်းဆက်လက်ရပ်တည်ဖို့ တော်တော်လေး အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဒီဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးကြပါလို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”
တဖက်မှာလည်း နေရပ်မပြန်နိုင်သေးတဲ့ သံတွဲနဲ့ ငပလီမြို့က စစ်ဘေးရှောင် ၃,၀၀၀ နီးပါးဟာ စားဝတ်နေရေးနဲ့ သောက်သုံးရေ ရှားပါးမှုဒဏ်ကို အပြင်းအထန် ခံစားနေရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းရန် ခြိမ်းခြောက်မှုကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူက “အလှူရှင်တွေ နည်းပါးလာတော့ နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်မိသားစုတွေကို ထိုက်သင့်သလောက်လည်း မလှူနိုင်ဘူးပေါ့နော်၊ စားဝတ်နေရေးကတော့ အခက်အခဲရှိတယ်၊ အဓိကတော့ ဆန်တို့ တခြား ဆေးဝါးတွေရောပေါ့နော်။ အခုဆိုရင် သောက်သုံးရေကအစ ရှားပါးလာတယ်၊ ဆီဈေးတွေကလည်း ဈေးကြီးတော့ ကျနော်တို့က သွားရေးလာရေး ဒီကယ်ဆယ်ရေးခရီးစဉ်မှာ ဆန်တွေရိက္ခာတွေ တင်တဲ့အချိန်မှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်ကလည်း အရမ်းဈေးကြီးနေတယ်နော်၊ တချို့ရက်တွေမှာ ကျနော်တို့ ကယ်ဆယ်ရေးတွေ သွားတဲ့အချိန်ကျလို့ရှိရင် လေယာဉ်သံတွေ ကြားလို့ရှိရင် ခရီးစဉ်တွေ အရေးပေါ် ဖျက်ပစ်လိုက်ရတယ်။ ဟိုတနေ့ကဆိုလို့ရှိရင် အဲဒီလိုကယ်ဆယ်ရေး သွားတဲ့အချိန်မှာ လေယာဉ်က အဲဒီ သံတွဲဘက်၊ ဂွဘက်လိုမျိုး တောတွေတောင်တွေကို ဗုံးတွေကြဲတော့ လုံခြုံရေးကိုလည်း တော်တော် ဂရုစိုက်ရတယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေအထိ ပစ်မှတ်ထားခံနေရတာကြောင့် လူနာသယ်ယူပို့ဆောင်ရာမှာ အသက်အန္တရာယ်ကိုပါ ရင်းပြီး ကူညီနေကြရတာပါ။
ကျန်းမာရေးကဏ္ဍမှာ အဓိက အားကိုးနေရတဲ့ “စေတနာအာရက္ခ ပြည်သူ့အကျိုးပြုဆေးခန်း” ဆိုရင်လည်း တလကို ကျပ်သိန်း ၇၀၀ ဝန်းကျင် ကုန်ကျမှု ရှိနေပါတယ်။
၂၀၂၄ ခုနှစ်ကနေ အခုအထိ လူနာပေါင်း ၆,၀၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးနိုင်ခဲ့ပေမဲ့ လက်ရှိမှာ ဆေးဝါးပြတ်လပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေက အဓိက စိန်ခေါ်မှု ဖြစ်နေတယ်လို့ ဆေးခန်းတာဝန်ရှိသူ ကိုဇင်မျိုးက ပြောပါတယ်။
စေတနာအာရက္ခ ပြည်သူ့အကျိုးပြုဆေးခန်း တာဝန်ရှိသူ ကိုဇင်မျိုးက “တချို့ စစ်ရှောင်တွေဟာ အလုပ်လက်မဲ့ဘဝနဲ့ ရုန်းကန်စားသောက် နေထိုင်ရတာတွေ ရှိတယ်။ တောင်ပေါ်တက်ပြီး ထင်းရှာပြီးတော့ အလုပ်လက်မဲ့ဘဝနဲ့ ဖြတ်သန်းနေရတာတွေ ရှိတဲ့အတွက် သူတို့ဟာ ဆေးကုသတဲ့အခါမှာလည်း ဆေးကုသဖို့အတွက် ပိုက်ဆံတွေ မလုံလောက်တာတွေ ရှိတယ်၊ နေထိုင်စားသောက်ရေးအတွက်လည်း အခက်အခဲများစွာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလက်ရှိအချိန်ထိ ဆေးခန်းလာရောက်ပြသတဲ့အခါမှာ ဆေးခန်းပြသတဲ့စရိတ်ကို မတောင်းနေတော့ဘူး။ သူတို့ရဲ့ ဒီစေတနာရှိသလောက် ထည့်ခဲ့ပါဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာ ရှိတယ်။ ဆေးခန်းမှာနေပြီး ကျနော်တို့ ဒီလအတွက် သိန်း ၁၀၀ ဖိုး ဆေးဝါး ဝယ်ယူသုံးစွဲလိုက်တယ်၊ ဆေးကုသပေးလိုက်တယ်၊ အဲဒီကနေ ပြန်ရတဲ့ ငွေကြေးပမာဏက ဆယ်သိန်းလောက်ပဲ ပြန်ရတာရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီဆေးခန်း ရပ်တည်နိုင်ဖို့အတွက် အလှူရှင်တွေ စေတနာရှင်တွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
ဒီဆေးပေးခန်းဟာ ဆေးကုသပေးရုံတင်မကဘဲ ဝေးလံခေါင်ဖျားက လာရတဲ့ လူနာတွေအတွက် ခရီးစရိတ်နဲ့ စားစရိတ်ကိုပါ တတ်နိုင်သရွေ့ ပြန်လည် လှူဒါန်းပေးနေတာပါ။
လက်ရှိမှာ ရခိုင်ပြည်သူတွေရဲ့ အသက်ရှင်သန်ရေးကို ဝိုင်းဝန်းထိန်းကျောင်းပေးနေတဲ့ ဒီအဖွဲ့အစည်းတွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှုက မရှိမဖြစ် လိုအပ်နေပါတယ်။
အကယ်၍ ရန်ပုံငွေ ပြတ်လပ်မှုကြောင့် ဒီပရဟိတအဖွဲ့တွေနဲ့ အခမဲ့ဆေးခန်းတွေသာ ရပ်တန့်သွားခဲ့ရင် ရခိုင်ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အခြေခံကျန်းမာရေး လိုအပ်ချက်တွေဟာ စိုးရိမ်စရာ အခြေအနေကို ဆိုက်ရောက်သွားနိုင်ပါတယ်။











