
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဇွန် ၆ ရက် ညပိုင်းက ကား ၅ စီးဆင့်တိုက်မိပြီး လူ ၉ ယောက် ဒဏ်ရာရသွားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ည ၉ နာရီလောက်က မန္တလေး -နေပြည်တော်လမ်းပိုင်း မိုင်တိုင် ၂၂၁/၇ မှာ ခရီးသည် အယောက် ၂၀ လိုက်ပါလာတဲ့ ကောင်းမြတ်မန်း Express ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက တန်းနဲ့ လမ်းလယ်ကျွန်းကို တိုက်မိပြီး ကန့်လန့်ဖြတ်ရပ်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခါ နောက်ကနေပါလာတဲ့ Toyota Alphard က ညာဘက်ယာဉ်ကြောမှာ၊ Harrier ကားတစီးနဲ့ Isuzu ကုန်ကားတို့က ဘယ်ဘက်ယာဉ်ကြောမှာ ရပ်တန့်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ ယာဉ်မောင်းနဲ့ ခရီးသည် ၂၇ ယောက်ပါလာတဲ့ သိန်းသန်းကုဋေ Express ကားက Harrier နဲ့ Isuzu ကုန်ကားတို့ကို ပွတ်တိုက်ပြီး Toyota Alphard ကားကိုလည်း ထပ်ပြီး တိုက်မိရပ်တန့်ခဲ့ပါတယ်။
တဆက်တည်း ယာဉ်မောင်းနဲ့ခရီးသည် အယောက် ၄၀ ပါလာတဲ့ ဇေယျာမြိုင်ကြီး ခရီးသည်တင် Express ကားဟာ Isuzu ကုန်ကားကို နောက်ကနေ ပွတ်တိုက်ခဲ့သလို သိန်းသန်းကုဋေ ခရီးသည်တင် Express ကိုလည်း အရှိန်နဲ့ ဝင်တိုက်မိခဲ့ပါတယ်။
အဲဒီအရှိန်ကြောင့် သိန်းသန်းကုဋေ ခရီးသည်တင် Express ဟာ Harrier ကားကို ထပ်တိုက်မိပြီးမှ ကားတွေ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကြောင့် ဇေယျာမြိုင်ကြီး ခရီးသည်တင် Express ပေါ်က ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၃ ယောက်၊ သိန်းသန်းကုဋေ Express ပေါ်က အမျိုးသမီး ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဒဏ်ရာအသီးသီးရခဲ့တယ်လို့ ဆိုပါတယ်။
အမြန်လမ်းအသုံးပြုတဲ့ မှန်လုံ express ကားအားလုံး သတ်မှတ်အမြန်နှုန်းအောက်ပဲ မောင်းနှင်ကြဖို့၊ တစီးနဲ့တစီး ကပ်မလိုက်ဘဲ အနည်းဆုံး ပေ ၃၀၀ ခွာမောင်းနှင်ဖို့၊ ဘာကြောင့်ရပ်ရပ် မြေသားလမ်းတာပေါင်အတွင်း အပြည့်အဝ ရောက်ရှိရပ်တန့်ဖို့၊ ညအခါရပ်တဲ့အခါ ရပ်နားမီး၊ ဆိုင်းလင့်မီး ဖွင့်ထားဖို့၊ ပုံမှန်မောင်းနှင်ရင် ညာဘက်ကပ်မောင်းဖို့၊ ကျော်တက်ဖို့အတွက်ပဲ ဘယ်ဘက်ယာဉ်ကြောကို သုံးဖို့၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အရှိန်နှုန်းအောက်ပဲ မောင်းနှင်ကြဖို့၊ အိပ်မငိုက်စေဖို့အတွက် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။










