အမေရိကန်က "Economic D-Day" လို့ တင်စားတဲ့ အီရန်နဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေကိုပါ ပစ်မှတ်ထားမဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှု အသစ်တွေကို ဩဂုတ် ၂၄ ရက် ဒီကနေ့မှာ စတင်ဖို့ ပြင်ဆင်နေပါတယ်။
အီရန်ဘက်ကလည်း “စီးပွားရေးစစ်ပွဲတွေ ဆက်ရှိနေမယ်ဆိုရင်” ပင်လယ်ကွေ့က ရေနံတင်ပို့မှု အားလုံးကို ပိတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အရေးယူမှု အသေးစိတ်ကို မြန်မာစံတော်ချိန် ဩဂုတ် ၂၄ ရက် ည ၁၁ နာရီခွဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာမှာ ဖြစ်ပါတယ်။
ဝန်ကြီး ဘက်ဆန့်က ဒီအစီအစဉ်ကို “ပြိုင်ဘက်တနိုင်ငံအပေါ် အကြီးမားဆုံး ဘဏ္ဍာရေးထိုးစစ်” လို့ ဖော်ပြထားပါတယ်။
အီရန်ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်ကို ဆက်လက်ထောက်ပံ့နေတဲ့ နိုင်ငံတွေကိုပါ အရေးယူဖို့ ရှိနေပါတယ်။
အီရန် အမျိုးသားလုံခြုံရေးအဆင့်မြင့်ကောင်စီ အတွင်းရေးမှူး မိုဆင်ရီဇာအီကတော့ “စီးပွားရေးစစ်ပွဲတွေ ဆက်ရှိနေမယ်ဆိုရင်” ဟော်မုဇ်ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့ကနေ ရေနံတစက်တောင် တင်ပို့ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးစစ်ပွဲမှာ ပါဝင်တဲ့ ဒါမှမဟုတ် ထောက်ခံတဲ့ ဘယ်နိုင်ငံကိုမဆို စစ်မက်ပြုမှုအဖြစ် သတ်မှတ်မယ်လို့လည်း အီရန်က သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကစတဲ့ ၆ လကြာ ပဋိပက္ခမှာ အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ရပြီး အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ အီရန်မှာ ဒုံးကျည်နဲ့ ဒရုန်းစွမ်းရည်တွေ ကျန်ရှိနေပါသေးတယ်။ ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှု ရပ်တန့်လုနီးပါး ဖြစ်နေတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်းအပေါ် ဖိအားသက်ရောက်မှု ရှိနေဆဲ ဖြစ်ပါတယ်။
ဒီပဋိပက္ခတွေကို ဖြေလျှော့နိုင်ဖို့အတွက် ပါကစ္စတန် စစ်ဦးစီးချုပ် အာစင် မူနီယာဟာ ဩဂုတ် ၂၄ ရက်မှာ တီဟီရန်မြို့ကို သွားရောက်ပြီး ကြားဝင်ဆွေးနွေးဖို့ ရှိနေပါတယ်။











