DVB Logo
Home
Lead Story
“ငါတော့ အလိမ်ခံရမှာ မဟုတ်ပါဘူး” လို့ ထင်နေပါသလား
DVB
·
October 12, 2026
“ငါတော့ အလိမ်ခံရမှာ မဟုတ်ပါဘူး” လို့ ထင်နေပါသလား
Donate to DVB

လူလိမ်တွေက သင့်ငွေကို မယူခင် သင့်ရဲ့ယုံကြည်မှုကို အရင်ရယူတတ်ကြပါတယ်။

“ကျမက ပညာတတ်ပါ။ ဒီလောက်တော့ အလိမ်မခံရပါဘူး။”

“ကျနော်က နည်းပညာနဲ့ အလုပ်လုပ်နေတာ။ ဘယ်သူမှ လာလိမ်လို့ မရပါဘူး။”

“အွန်လိုင်းငွေလိမ်မှုတွေ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျမတော့ အလိမ်ခံရမှာ မဟုတ်ပါဘူး။”

ဒီလိုစကားမျိုးတွေကို သင်ကိုယ်တိုင် ပြောဖူးပါသလား။

တကယ်တော့ “ငါတော့ အလိမ်ခံရမှာ မဟုတ်ဘူး” လို့ အလွန်အမင်း ယုံကြည်နေခြင်းက အန္တရာယ်လက္ခဏာတွေကို သတိမထားမိစေတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်ပါတယ်။

လိမ်လည်ခံရခြင်းဟာ ပညာမတတ်လို့၊ နည်းပညာနားမလည်လို့၊ အသိဉာဏ်နည်းလို့ ဖြစ်ရတာချည်း မဟုတ်ပါဘူး။ လူတယောက်ရဲ့ ယုံကြည်မှု၊ ကြင်နာမှု၊ ကြောက်ရွံ့မှု၊ ချစ်ခြင်းမေတ္တာနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ချင်တဲ့ မျှော်လင့်ချက်တွေကို လူလိမ်တွေက အသုံးချတတ်ကြပါတယ်။

မိတ်ဆွေတယောက်ဆီက စာတစောင်

တနေ့မှာ သင့်ဖုန်းထဲကို မိတ်ဆွေတယောက်ရဲ့ Facebook အကောင့်ကနေ စာတစောင် ရောက်လာတယ်လို့ စဉ်းစားကြည့်ပါ။

“ငါ အရေးပေါ်ကိစ္စလေးရှိလို့ ငွေနည်းနည်း လွှဲပေးပါဦး။ ညနေ ပြန်ပေးမယ်နော်။”

စာပို့လာသူဟာ သင်နဲ့ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မိတ်ဆွေဖြစ်တယ်။ သူ့နာမည်၊ သူ့ဓာတ်ပုံနဲ့ သူသုံးနေကျ အကောင့်ကနေ စာပို့လာတာဖြစ်တယ်။ အခက်အခဲဖြစ်နေတဲ့ မိတ်ဆွေကို ကူညီချင်တဲ့စိတ်နဲ့ ချက်ချင်း ငွေလွှဲပေးမိနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီအကောင့်ဟာ အခြားသူတယောက်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီဆိုရင်ရော။

ငွေလွှဲပြီးမှ မိတ်ဆွေအစစ်က “ငါ ဘာငွေမှ မတောင်းဘူး” လို့ ပြောလာတဲ့အခါ သင် ဘယ်လိုခံစားရမလဲ။

ဒီဥပမာမှာ လူလိမ်က အသုံးချသွားတာ နည်းပညာတခုတည်း မဟုတ်ပါဘူး။ မိတ်ဆွေအပေါ် သင်ထားရှိတဲ့ ယုံကြည်မှုနဲ့ ကူညီချင်တဲ့စိတ်ကိုပါ အသုံးချသွားတာ ဖြစ်ပါတယ်။

လူလိမ်တွေက လူ့စိတ်ကို ဘယ်လိုအသုံးချသလဲ

လူလိမ်တွေဟာ လူတယောက်ကို လှည့်စားဖို့ နည်းပညာတခုတည်းကို အားမကိုးကြပါဘူး။ လူတွေရဲ့ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အသုံးချတတ်ကြပါတယ်။

ကြောက်ရွံ့မှုကို အသုံးချခြင်း

“သင့်ဘဏ်အကောင့် ပိတ်တော့မယ်။ အခုချက်ချင်း အတည်ပြုပါ။” ဒီလိုစာမျိုး ရောက်လာတဲ့အခါ ကိုယ့်ငွေတွေ ဆုံးရှုံးသွားမှာ စိုးရိမ်ပြီး ပေးပို့လာတဲ့ လင့်ခ်ကို အလျင်အမြန် နှိပ်မိနိုင်ပါတယ်။

ငွေကြေးလိုအပ်ချက်ကို အသုံးချခြင်း

“အိမ်မှာနေရင်း တနေ့ကို ငွေသိန်းချီ ရနိုင်ပါတယ်။” အလုပ်လိုအပ်နေသူ၊ မိသားစုဝင်ငွေ တိုးချင်သူအတွက် ဒီလိုကမ်းလှမ်းချက်ဟာ အခွင့်အရေးကောင်းတခုလို ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်စမလုပ်ခင် ငွေကြိုသွင်းခိုင်းတာ၊ အလုပ်ပြီးမြောက်ဖို့ ငွေထပ်ထည့်ခိုင်းတာတွေဟာ လိမ်လည်မှုရဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ချစ်ခြင်းမေတ္တာကို အသုံးချခြင်း

အွန်လိုင်းမှာ တဖြည်းဖြည်း ရင်းနှီးလာသူတယောက်က နေ့စဉ် ဂရုစိုက်ပေးတယ်။ ယုံကြည်မှုရလာတဲ့အခါမှ အရေးပေါ်ငွေလိုအပ်ကြောင်း ပြောလာတယ်။ တကယ်ချစ်ခင်နေပြီလို့ ယုံကြည်မိသူအတွက် ငွေတောင်းခံမှုကို သံသယဝင်ဖို့ ခက်ခဲနိုင်ပါတယ်။

ပညာသင်ဆုနဲ့ အလုပ်အကိုင်အိပ်မက်တွေကိုပါ လိမ်လည်ကြတယ်

“နိုင်ငံခြားပညာသင်ဆု အပြည့်ရမယ်။ စာရင်းသွင်းကြေး အရင်ပေးပါ။”

“လစာကောင်းတဲ့ နိုင်ငံခြားအလုပ် ရမယ်။ အလုပ်ခန့်စာရဖို့ ငွေအရင်လွှဲပါ။”

ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ လူငယ်တွေ၊ မိသားစုဘဝ တိုးတက်ဖို့ အလုပ်ရှာနေသူတွေရဲ့ မျှော်လင့်ချက်ကိုလည်း လူလိမ်တွေက အသုံးချတတ်ကြပါတယ်။

တက္ကသိုလ်၊ ပညာသင်ဆုပေးအဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေရဲ့ အမည်၊ အမှတ်တံဆိပ်တွေကို အတုယူပြီး အခွင့်အရေးအတုတွေ ဖန်တီးနိုင်ပါတယ်။ တချို့က အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို အကြောင်းပြပြီး ငွေတောင်းခံသလို တချို့ကတော့ လူကုန်ကူးမှုနဲ့ အတင်းအကျပ် အလုပ်ခိုင်းစေမှုတွေအထိ ဆက်စပ်သွားနိုင်ပါတယ်။

ဒါကြောင့် ပညာသင်ဆုနဲ့ အလုပ်အကိုင် ကမ်းလှမ်းချက်တွေကို သက်ဆိုင်ရာ တက္ကသိုလ်၊ အဖွဲ့အစည်း ဒါမှမဟုတ် အလုပ်ရှင်ရဲ့ တရားဝင်လမ်းကြောင်းကနေ အတည်ပြုဖို့ လိုပါတယ်။ အခွင့်အရေးရမယ်လို့ အာမခံပြီး ပုဂ္ဂိုလ်ရေးအကောင့်ထဲ ငွေကြိုလွှဲခိုင်းတာကို အထူးသတိထားသင့်ပါတယ်။

လူငယ်တယောက်ရဲ့ အနာဂတ်အိပ်မက်ဟာ လူလိမ်တယောက်ရဲ့ ဝင်ငွေရလမ်း မဖြစ်သင့်ပါဘူး။

“အခုချက်ချင်း” ဆိုတဲ့ စကားကို သတိထားပါ။

“အခု ငါးမိနစ်အတွင်း မလုပ်ရင် အခွင့်အရေးဆုံးရှုံးမယ်။” “ဒီနေ့ပဲ ငွေလွှဲရမယ်။” “ဘယ်သူ့ကိုမှ မပြောနဲ့။”

ဒီလိုစကားတွေဟာ သင့်ကို အေးအေးဆေးဆေး စဉ်းစားချိန်၊ တခြားသူနဲ့ တိုင်ပင်ချိန် မပေးဘဲ ဆုံးဖြတ်စေဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။ လူလိမ်တွေဟာ သင် စဉ်းစားစစ်ဆေးလိုက်တဲ့အခါ သူတို့ရဲ့ လှည့်စားမှု ပေါ်သွားနိုင်တာကို သိကြပါတယ်။ ဒါကြောင့် အရေးတကြီး ဆုံးဖြတ်ခိုင်းလာလေလေ၊ သင့်ဘက်က ပိုပြီး သတိထားသင့်လေလေ ဖြစ်ပါတယ်။

ပညာတတ်သူတွေလည်း ဘာကြောင့် လိမ်လည်ခံရနိုင်သလဲ

ပညာတတ်သူတယောက်ဟာ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်နိုင်ပါတယ်။ နည်းပညာ ကျွမ်းကျင်သူတယောက်ဟာ ကွန်ပျူတာစနစ်တွေကို ကောင်းကောင်းနားလည်နိုင်ပါတယ်။

ဒါပေမဲ့ လူတိုင်းမှာ မိသားစုအတွက် စိုးရိမ်ရတဲ့အချိန်၊ ငွေကြေးအခက်အခဲရှိတဲ့အချိန်၊ စိတ်ပင်ပန်းနေတဲ့အချိန်နဲ့ တယောက်ယောက်ကို ယုံကြည်အားကိုးချင်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ပုံမှန်ဆို သတိထားမိမဲ့ အန္တရာယ်လက္ခဏာတခုကို လွတ်သွားနိုင်ပါတယ်။

“ငါက အလိမ်မခံရနိုင်ဘူး” လို့ ယုံကြည်နေခြင်းထက် “ငါလည်း လှည့်စားခံရနိုင်တယ်။ ဒါကြောင့် စစ်ဆေးမယ်” ဆိုတဲ့ သတိရှိမှုက ပိုအရေးကြီးပါတယ်။

လိမ်လည်ခံရသူကို အပြစ်မတင်ပါနဲ့

တယောက်ယောက် လိမ်လည်ခံရတဲ့သတင်း ကြားရတဲ့အခါ “ဒီလောက်တောင် မသိဘူးလား။” “ဘာလို့ ယုံရတာလဲ။” ဆိုပြီး အပြစ်တင်မိဖို့ လွယ်ပါတယ်။

ဒါပေမဲ့ ဒီလိုအပြစ်တင်ခြင်းကြောင့် လိမ်လည်ခံရသူဟာ ရှက်ရွံ့ပြီး အကူအညီ မတောင်းရဲတော့တာ၊ တခြားသူတွေကို သတိမပေးရဲတော့တာတွေ ဖြစ်နိုင်ပါတယ်။

လိမ်လည်ခံရသူကို အပြစ်တင်တာထက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးသူကို ချက်ချင်းအကြောင်းကြားဖို့၊ အကောင့်တွေကို လုံခြုံအောင် ပြန်လည်လုပ်ဆောင်ဖို့နဲ့ သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကူညီပေးခြင်းက ပိုအကျိုးရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စကားသုံးခွန်း

ရပ်ပါ။ ချက်ချင်း ငွေမလွှဲပါနဲ့။ မသိတဲ့လင့်ခ်ကို မနှိပ်ပါနဲ့။ စကားဝှက်နဲ့ တကြိမ်သုံးအတည်ပြုကုတ် (OTP) ကို မပေးပါနဲ့။

စစ်ပါ။ စာပို့သူ၊ အကောင့်၊ အလုပ်အကိုင် ဒါမှမဟုတ် ပညာသင်ဆုကမ်းလှမ်းချက်ဟာ တကယ်ရှိ၊ မရှိ စစ်ဆေးပါ။

အတည်ပြုပါ။ မိတ်ဆွေက ငွေတောင်းလာရင် မူရင်းဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ပါ။ ဘဏ်၊ တက္ကသိုလ်၊ ကုမ္ပဏီက ဆက်သွယ်လာတယ်ဆိုရင် သူတို့ရဲ့ တရားဝင် ဆက်သွယ်ရေး လမ်းကြောင်းကနေ ပြန်လည်အတည်ပြုပါ။

နောက်ဆုံး မေးချင်တဲ့ မေးခွန်းတခု

ဒီနေ့ သင့်ဖုန်းထဲကို မိတ်ဆွေတယောက်ရဲ့ အရေးပေါ်ငွေတောင်းစာ၊ နိုင်ငံခြားပညာသင်ဆု ကမ်းလှမ်းချက် ဒါမှမဟုတ် လစာကောင်းတဲ့ အလုပ်ခေါ်စာတစောင် ရောက်လာခဲ့ရင် သင် ဘာလုပ်မလဲ။

ချက်ချင်း ယုံကြည်ပြီး လုပ်ဆောင်မလား။ ဒါမှမဟုတ် ခဏရပ်ပြီး အမှန်တကယ် ဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုမလား။

လူလိမ်တွေကို ရှောင်ရှားနိုင်ဖို့ လူလိမ်တွေထက် ပိုလိမ္မာနေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ ဆုံးဖြတ်ချက်ကို သတိနဲ့ စစ်ဆေးတတ်ဖို့ လိုပါတယ်။

ရပ်ပါ၊ စစ်ပါ၊ အတည်ပြုပါ။

သင့်ရဲ့ သတိရှိမှုတခုက သင့်စုဆောင်းငွေကို ကာကွယ်နိုင်သလို မိသားစုတခုရဲ့ အနာဂတ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သိထားခြင်းက ကာကွယ်ခြင်းရဲ့ ပထမခြေလှမ်းပါ။

လာမဲ့ဆောင်းပါးမှာတော့ လူလိမ်တွေက လူတယောက်ရဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ပြီး တဖြည်းဖြည်း လှည့်စားသွားတတ်သလဲဆိုတာ ဆက်လက်မျှဝေပေးသွားပါမယ်။

Aurora

ကိုးကား

Federal Trade Commission (FTC). How to Avoid a Scam. https://consumer.ftc.gov/articles/how-avoid-scam 

Federal Trade Commission (FTC). Job Scams. https://consumer.ftc.gov/articles/job-scams 

INTERPOL. Financial Crime. https://www.interpol.int/en/Crimes/Financial-crime 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013