
မက္ကဆီကိုနိုင်ငံဟာ ဆီနာလိုအာ မူးယစ်ဂိုဏ်းနဲ့ပတ်သက်တယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားတဲ့ အရာရှိဟောင်းတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်လိုက်တဲ့အကြောင်း သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် က မေ ၁၈ ရက်မှာ ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ပြည်တွင်းက စုံစမ်းစစ်ဆေးမှုကြောင့် မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့ အစီအမံအနေနဲ့ လုပ်ဆောင်ခဲ့တာလို့လည်း သူက ရှင်းပြခဲ့ပါတယ်။
မူးယစ်မှောင်ခိုသမားတွေကို ကူညီခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆီနာလိုအာပြည်နယ် အုပ်ချုပ်ရေးမှူး ရူဘန်ရိုချာ အပါအဝင် တခြား လက်ရှိနဲ့ အရာရှိဟောင်း ၉ ယောက်ရဲ့ ဘဏ်အကောင့်တွေကို မက္ကဆီကို ဘဏ္ဍာရေးအာဏာပိုင်တွေက ပိတ်ပစ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ မက္ကဆီကိုနိုင်ငံရဲ့ ဘဏ္ဍာရေးထောက်လှမ်းရေးအဖွဲ့ (UIF) က ဘာကြောင့် အခုလို ဘဏ်အကောင့်တွေကို ပိတ်ပစ်ခဲ့တာလဲလို့ မေးမြန်းတဲ့အခါမှာတော့ သမ္မတ ရှိန်းဘောင်းမ်က ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ ထုတ်ပြန်ချက်တခုကို ဘဏ္ဍာရေးထောက်လှမ်းရေးအဖွဲ့ကို မကြာခင် ထုတ်ပြန်ပါလိမ့်မယ်လို့ ဆိုပါတယ်။
သမ္မတ ရှိန်းဘောင်းမ်က “အမေရိကန်မှာ လူ ၁၀ ယောက်ကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်ဆိုတာကို အဲဒီစာရွက်စာတမ်းထဲမှာ ရှင်းပြထားပါလိမ့်မယ်။ ဒီက ဘဏ်တွေက ဟိုဘက်က ဘဏ်တွေနဲ့ ဆက်ဆံရေး ရှိနေကြတာမို့လို့ ဆက်တိုက်ဆိုသလို အစီအမံတွေ ယူရတာမျိုး ရှိပါတယ်။ ဒါကြောင့် UIF က ဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အလိုအလျောက် လုပ်ဆောင်လိုက်တာပါ” လို့ ရှင်းပြခဲ့ပါတယ်။
ဒါဟာ ဒီလိုမျိုး ကိစ္စရပ်တိုင်းမှာ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီလိုပြောဆိုရာမှာ သမ္မတ ရှိန်းဘောင်းမ်ဟာ လောလောဆယ် ရာထူးကနေ ခွင့်ယူထားတဲ့ အာဏာရ မိုရေနို ပါတီဝင် ရိုချာရဲ့ နာမည်ကို ဖြစ်စေ၊ တခြားဘယ်အရာရှိရဲ့ နာမည်ကို ဖြစ်စေ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ရိုချာကတော့ သူဟာ အပြစ်မရှိကြောင်း ပြောဆိုထားပါတယ်။
Source: Reuters











