
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လူငယ်တွေကို ပေါ်တာဆွဲပြီး ငွေသိန်းရာနဲ့ချီ အဓမ္မတောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ထွန်းထွန်းအောင် အပါအဝင် ၄ ယောက်ကို ဇွန် ၃၀ ရက် နေ့လယ်က စစ်အာဏာရှင်တပ်က ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲက ပြည်သူ့စစ်အဖွဲ့ဝင် ထွန်းထွန်းအောင် အပါအဝင် အမျိုးသား ၄ ယောက် စီးလာတဲ့ကားကို မိတ္ထီလာမြို့ပေါ် တနေရာမှာ အာဏာရှင်စစ်တပ်နဲ့ လက်အောက်ခံရဲတွေက ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ကားနဲ့ မြို့ထဲပြန်လာတဲ့အချိန် ပြည်သူ့စစ်ယူနီဖောင်း ၂ ထည်၊ ဖုန်း ၆ လုံးနဲ့ ဖမ်းမိတာ၊ စစ်ဆေးနေဆဲဆိုတော့ လူကုန်တားနဲ့ ဖွင့်မလား၊ စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်မလား မသိသေးဘူး။”
မိတ္ထီလာမြို့မှာ တပ်စခန်း၊ တပ်ရင်းနဲ့ သင်တန်းကျောင်းတွေ အများကြီးရှိတာကြောင့် အာဏာရှင်စစ်တပ်က သူတို့ကလွဲရင် တခြားအဖွဲ့အစည်းတွေကို ပေါ်တာဆွဲ ဖမ်းဆီးခွင့်ပြုမှာ မဟုတ်ကြောင်း မြို့ခံတယောက်က ပြောပါတယ်။
“မိတ္ထီလာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က အပြိုင်အဆိုင် ပေါ်တာဆွဲတာ တမြို့လုံးသိတယ်။ အသံတွေ အရမ်းထွက်လာမှ အဲဒီ ပြည်သူ့စစ်အဖွဲ့ကို ဖမ်းတာ။ တပ်ရင်း ၅ ရင်းရှိတဲ့မြို့မှာ စစ်တပ်မသိဘဲ ပေါ်တာဆွဲလို့ ရမယ်ထင်လား။”
အဆိုပါ ပြည်သူ့စစ်အဖွဲ့တွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သင်တန်းပေးခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။
မိတ္ထီလာမြို့နယ်မှာ အမှတ် ၇၉ ခြေလျင်တပ်ရင်း၊ အမှတ် ၃၁၅ ခြေမြန်တပ်ရင်း၊ အမှတ် ၁၁၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၁၉ အမြောက်တပ်ရင်း၊ ၅၀၀၁ တင့်ကားတပ်ရင်း၊ အမြောက်ပစ်သင်တန်းကျောင်းနဲ့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တို့ ရှိတာကြောင့် တပ်မြို့လို့ လူသိများပါတယ်။










