နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်ဆိပ်ကမ်းရှိ ရေနံထွက်ပစ္စည်း ဂိုဒေါင်တခုမှာ ဩဂုတ် ၁၃ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ မိုဇလ်ဝဂ်လမ်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတော့ ဘယ်လိုဖြစ်ရသလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်လို့ ရော့တာဒမ် ရဲတပ်ဖွဲ့က X လူမှုကွန်ရက်မှာ ရေးပါတယ်။
ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ လက္ခဏာမျိုး ချက်ချင်းမတွေ့ရသေးဘဲ ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အဲဒီဆိပ်ကမ်းအနီးက တူညီတဲ့ဧရိယာမှာ ရေနံထွက်ပစ္စည်း သိုလှောင်ကန်တွေ လုပ်ကိုင်နေတဲ့ စွမ်းအင်ကုန်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဂွန်ဗာ ကလည်း မနေ့မနက်ပိုင်းက သူတို့ရဲ့ သိုလှောင်ကန်တခုမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း သီးခြား မတော်တဆမှုတခု ဖြစ်ပွားခဲ့တာကြောင့် လူတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
ဂွန်ဗာ ကုမ္ပဏီအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါ့အပြင် ကြာသပတေးနေ့ အစောပိုင်းက ရော့တာဒမ် ဆိပ်ကမ်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ မီးပြတ်တောက်မှုတွေနဲ့ အခု ပေါက်ကွဲမှုကြား ဆက်စပ်မှု ရှိ၊ မရှိကိုလည်း ဒေသခံ ဘေးကင်းလုံခြုံရေး အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဥရောပရဲ့ အကြီးဆုံးဖြစ်တဲ့ ရော့တာဒမ် ဆိပ်ကမ်းဟာ ရေနံစိမ်းနဲ့ လောင်စာဆီ တင်သွင်းမှုနဲ့ သိုလှောင်မှုအတွက် အဓိက အချက်အချာ နေရာတခု ဖြစ်ပါတယ်။
အဲဒီမှာ ဥရောပရဲ့ အကြီးဆုံး ရေနံချက်စက်ရုံ Shell ရဲ့ တရက်ကို စည်ပိုင်း ၄၀၄,၀၀၀ ထွက်ရှိတဲ့ Pernis စက်ရုံအပြင် BP, ExxonMobil နဲ့ Vitol တို့လို တခြားသော ရေနံချက်စက်ရုံတွေနဲ့ ဓာတုဗေဒပစ္စည်း စက်ရုံအများအပြားလည်း တည်ရှိပါတယ်။
Source: Reuters











