DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၃၀ ကျော် ပြန်မလွတ်သေး 
သီရိ
·
June 26, 2026
ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်ပြီး TikTok ဗီဒီယိုတင်ခဲ့သဖြင့် အဖမ်းခံရသည့် တောင်ကြီးမြို့မှ အမျိုးသမီး။ (Photo: မှိုင်းဝေ၊ Aye Tha Yar page)
ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်ပြီး TikTok ဗီဒီယိုတင်ခဲ့သဖြင့် အဖမ်းခံရသည့် တောင်ကြီးမြို့မှ အမျိုးသမီး။ (Photo: မှိုင်းဝေ၊ Aye Tha Yar page)
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ နိုင်ငံအနှံ့ရှိ ပြည်သူအယောက် ၃၀ ကျော်ကို နှင်းဆီပန်းပန်လို့ ဒါမှမဟုတ် ပန်းအိုးထိုးလို့ဆိုပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာမှာ ဇွန်  ၂၆ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ 

ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နိုင်ငံအနှံ့ နှင်းဆီလှုပ်ရှားမှု လုပ်ခဲ့ကြရာမှာ  ပြည်သူ အယောက် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ ဖမ်းဆီးတာတွေ အများဆုံး လုပ်ခဲ့ပါတယ်။

ဇွန် ၁၈ ရက်မှ  ၂၀ ရက်နေ့အထိ နှင်းဆီပန်းပန်တာနဲ့  နှင်းဆီပန်းကို ပန်းအိုးထိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မုံရွာမြို့ပေါ်မှာ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့ တနေ့တည်းမှာတင် နှင်းဆီပန်းပန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မုံရွာမြို့ပေါ်က အသက် ၂၀ ကနေ အသက် ၃၀ အရွယ်ဝန်းကျင် အမျိုးသမီး ၁၅ ယောက်ကို ဖမ်းဆီးခဲ့သလို ညနေပိုင်းမှာတော့ လူငယ် အမျိုးသား အယောက် ၃၀ ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းထဲမှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မပေးသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတွေရဲ့‌ပြောပြချက်အရတော့ မုံရွာမြို့ထဲမှာ ဇွန် ၁၉ ရက် တနေ့တည်းမှာ ပြည်သူ ၃၅ ယောက် ဖမ်းဆီးခံရတယ်လို့ ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မုံရွာမြို့ခံတယောက်က “ဈေးသည်တွေက အမြဲတမ်း နေ့တိုင်း နှင်းဆီပန်းက ထိုးနေကျ၊ အဲဒါကိုမှ အဲနေ့ကျမှ သူတို့က ဖမ်းတာပေါ့လေ။ သူတို့က အမှတ် ၁ စခန်းထဲမှာပဲ ထားထားတယ်လို့ ကြားတယ်၊ လွတ်မလာသေးဘူး။ စုံစမ်းပြီး လိုက်နေတာတွေတော့ ကြားတယ်။ သူတို့က အတွေ့မခံသေးတော့ အဲဒီထဲမှာပဲဆိုတာတော့ တွေ့ရတာပေါ့လေ။ ဇွန် ၁၈ ရက်နေ့ကတည်းက ပန်းသည်တွေလည်း မရောင်းရဘူးပေါ့။ ဒီလိုပြောတော့ ပန်းသည်တွေလည်း ၂၁ ရက်နေ့မှပဲ ပန်းလေးတွေလည်း ပြန်ရောင်းရဲကြတာပေါ့။ ရိုက်နှက်သွားတာတော့ မရှိဘူး၊ ပန်းကိုလည်း ပြောထားရဲ့သားနဲ့ ရောင်းရမလား၊ ထိုးရမလားပေါ့” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် မွေးနေ့ဆုတောင်းစာ ရေးသားတဲ့ လူငယ် ၂ ယောက်ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီစနစ်နဲ့ သွားမယ်လို့ ပြောနေတဲ့ စစ်အာဏာရှင်အစိုးရက အခုလို ပြည်သူတွေကို  ပန်းပန်တဲ့ အကြောင်းပြချက်နဲ့ ဥပဒေမဲ့ ဖမ်းဆီးနေတာတွေဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုလည်း မသိရှိရသေးတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် မချောစုစံက ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ အခြေအနေတွေမှာ သက်ကြီးရွယ်အို အမျိုးသမီးတွေ အဘိုးအဘွားတွေ ပါဝင်နေသလို လူငယ်ပိုင်းတွေလည်း ပါဝင်နေတယ်။ ဒီနှင်းဆီလှုပ်ရှားမှုနဲ့အတူ အဲဒီနေ့မှာ ဆိုရင်လည်း လူငယ်တွေကို ပိုပြီးတော့ ပေါ်တာဆွဲတာမျိုးလည်း ရှိတယ်ပေါ့နော်။ အဲ့တော့ ဒီစစ်တပ်ရဲ့ လက်အောက်မှာ မတရား ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းဆီးတယ်၊ ဖမ်းတဲ့အခါမှာ ဝရမ်းတွေလည်း မပါဘူး၊ ဘယ်ကို ခေါ်ဆောင်သွားတယ်၊ တချို့ဆိုရင်လည်း ဒီစစ်မှုထမ်းနဲ့ ရောပြီး ဖမ်းသွားတာမျိုးတွေ ရှိတဲ့အတွက် သူတို့ရဲ့ နောက်ဆက်တွဲ လုံခြုံရေး အခြေအနေကတော့ စိုးရိမ်စရာကောင်းတယ်။”

နှင်းဆီပန်းပန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေး၊ မင်္ဂလာဒုံနဲ့ တောင်ကြီးမြို့တို့မှာလည်း အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ လူမှုကွန်ရက်မှာ ရေးသား၊ မှတ်ချက်ပေးတဲ့သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခုလို လူသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် ထုတ်ဖော်ပြောဆိုခွင့်တွေကို စောင့်ကြည့်ကာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ဖမ်းဆီး အရေးယူခံနေရတာဟာ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ပိတ်ပင်တားဆီးနေတာ ဖြစ်တယ်လို့ အသံအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဇက်ပီက ပြောပါတယ်။

“အခုမှ ကမ်ပိန်းတွေ လှုပ်ရှားမှုတွေ လုပ်တာမဟုတ်ဘူး။ နှစ်စဉ်နှစ်တိုင်းလည်း လုပ်ခဲ့ပြီးပြီ။ နှစ်တိုင်းလည်း ဒီလိုမျိုးတွေပဲ ကြုံတွေ့နေရတာဆိုတော့ ဒါကိုကြည့်ခြင်းအားဖြင့် ကျမတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို ဘယ်လောက်အထိ နိစ္စဓူဝ ဆုံးရှုံးနေရသလဲပေါ့နော်။ ဒါတွေက ရှိနေဆဲပဲ မရပ်တန့်သွားသေးဘူး။ အထူးသဖြင့် ပြည်သူတွေကို ဘာမှမပြောရဲအောင် မရေးရဲအောင် မဖော်ပြရဲအောင် ကြောက်ရွံ့မှုတွေကို ဖန်တီးထားတဲ့ အရာတခုပေါ့နော်။ ပြီးရင် လူ့အဖွဲ့အစည်းတခုလုံးကနေ ဆွေးနွေးမှုတွေ လှုံ့ဆော်မှုတွေ လုံးဝ၊ လုံးဝ မရှိတော့အောင် ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တခုပါပဲ။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်ကို နိုင်ငံအနှံ့က ပြည်သူတွေက နှစ်စဉ် ပန်းသပိတ် အပါအဝင် လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ကျင်းပခဲ့ကြပြီး နှစ်စဉ်လည်း ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြကာ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013