ဂါဇာစီးတီးမှာ အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အယ်လ်ဂျာဇီးယား သတင်းထောက် မိုဟာမက် ဝယ်ရှာ စီးလာတဲ့ကားကို ထိမှန်ပြီး ဧပြီ ၈ ရက်က သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားအပြီးမှာပဲ မီးလောင်နေတဲ့ ကားအနီးကို ဒေသခံတွေ ဝိုင်းအုံ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ရဲ့ ဖေဖော်ဝါရီ ၂၅ ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်းမှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ မီဒီယာသမား အရေအတွက်ဟာ ၁၂၉ ယောက်အထိ ရှိခဲ့ပြီး အဲဒီထဲက ၃ ပုံ ၂ ပုံဟာ အစ္စရေးရဲ့ လက်ချက်ကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ၂ နှစ်ဆက်တိုက် သတင်းသမားတွေ စံချိန်တင် သတ်ဖြတ်ခံရမှုဖြစ်ပြီး အဲဒီထဲက သေဆုံးရတဲ့ ၃ ပုံ ၂ ပုံအတွက် အစ္စရေးမှာ တာဝန်ရှိတယ်လို့ သတင်းမီဒီယာအပေါ် တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နေတဲ့ နယူးယောက်အခြေစိုက် လွတ်လပ်သောအဖွဲ့ CPJ က နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလ စတင်ကတည်းက အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၇၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
အစ္စရေးကလည်း တချိန်တည်းမှာပဲ ဂါဇာစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ စစ်သည် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
Source: Reuters










