DVB Logo
Home
မြန်မာသတင်း
ပဲခူးရေဘေး လူ ၁ ဦးသေဆုံးပြီး ဒေသခံ ၅၀၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်း
DVB
·
September 3, 2026
Photo: Myat Min
Photo: Myat Min
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံ အမျိုးသားတယောက် သေဆုံးခဲ့ပြီး လူအယောက် ၅၀၀ လောက်ကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စက်တင်ဘာ ၂ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံခဲ့ကာ စက်တင်ဘာ ၂ ရက်က မဇင်းရပ်ကွက်၊ မဇင်း ၁ လမ်းက အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ဟာ ရေနစ်သေဆုံးခဲ့ပါတယ်။ 

ရေဝင်နစ်မြုပ်နေတဲ့ နေအိမ်တွေက ဒေသခံ ၄၉၇ ယောက်ကိုတော့ ရေဘေးလွတ်တဲ့နေရာတွေဆီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက “သေဆုံးသူက ရေသွားခပ်ရင်း ရေထဲကို ပြုတ်ကျတာ၊ သူ့အိမ်ခြံထဲမှာပဲ။ ရေက တအားတက်နေတော့ ရေနစ်သေဆုံးသွားတာ။ ရေတအားဝင်ပြီး နစ်မြုပ်လာတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ဒေသခံတွေကို ပြောင်းရွှေ့ပေးနေရတယ်” လို့ ပြောပါတယ်။

ပဲခူးမြို့ထဲက မဇင်းရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ ၄၊ ၁၆၊ ၆၊ မဟာမြိုင်လမ်း၊ နယ်မြေ ၁၅၊ ၁၃၊ ၁၄၊ ၈ နဲ့ နတ်စဉ်ပိုင်းလမ်း၊ ပတ္တမြားလမ်း၊ မင်္ဂလာလမ်းမ၊ ကျွန်းသာယာ၊ ရပ်ကွက်ကြီး ၇ စတဲ့ ရပ်ကွက်တွေနဲ့ လမ်းတွေမှာ အဓိက ရေကြီးနေတာဖြစ် ပါတယ်။

ပဲခူးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “မြေနိမ့်ပိုင်းနေရာတွေ အဓိက ရေကြီးနေတာ။ ရေဘေးရှောင် ဒေသခံတွေကို ဘုန်းတော်ကြီးကျောင်း ယာယီရေဘေးရှောင်နေရာတွေ ပြောင်းပေးထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ရေဘေးသင့်ဒေသခံတွေကို ပဲခူးမြို့ထဲက မင်္ဂလာဇေယျုံဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ ဝင်္ဂဘာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၊ လေးမျက်နှာဘုရား ဓမ္မာရုံနဲ့ ဓမ္မိကာရာမ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားကျောင်းဆောင်တို့က ယာယီ ရေဘေးရှောင်စခန်းတွေဆီ ပြောင်းရွှေ့ပေးထား ပါတယ်။

ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး ရေတက်နေတာကြောင့် မြို့အနိမ့်ပိုင်းဖြစ်တဲ့ မဇင်းရပ်ကွက် အပါအဝင် နေရာတချို့မှာ လူတရပ်နီးပါးအထိ ရေမြုပ်နေတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၃ ရက် မနက်ပိုင်း တိုင်းတာချက်တွေအရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်မြင့်နေပြီး နောက်တရက်အတွင်းမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

ပဲခူးမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံတာကြောင့် ပဲခူးမြို့ထဲက အခြေခံပညာစာသင်ကျောင်း ၁၄ ကျောင်းကို စက်တင်ဘာ ၂ ရက်က စတင်ပြီး ယာယီပိတ်ထားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013