
ရှင်းလင်းပြတ်သားပြီး ထပ်တူကျနေတဲ့ ဘုံအကျိုးစီးပွားတွေအပေါ် အခြေခံပြီး အာရှ-ပစိဖိတ်ဒေသက မဟာမိတ်နိုင်ငံတွေကို ကူညီပံ့ပိုးပေးဖို့ အမေရိကန်ပြည်ထောင်စုက အသင့်ရှိနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆက်သ်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ဟဂ်ဆက်သ်က ဒေသတွင်း ကာကွယ်ရေးဝန်ကြီးတွေကို ပြောလိုက်တာပါ။
အမေရိကန်နဲ့ အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တခု ရေးဆွဲဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေရဲ့ သီးခြားအခြေအနေတွေနဲ့ ဦးစားပေးကိစ္စရပ်တွေအပေါ် အခြေခံပြီး သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ အမေရိကန်က အသင့်ရှိပြီး ဆန္ဒလည်းရှိတယ်လို့ ဟဂ်ဆက်သ်က ပြောပါတယ်။
သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အင်အားတောင့်တင်းမှုကတဆင့် ငြိမ်းချမ်းရေးရယူဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို ရှင်းပြခဲ့ပါတယ်။
ဒီမျှော်မှန်းချက်က အင်အားတောင့်တင်းမှုအပေါ် အခြေခံထားတာဖြစ်ပြီး စိတ်ကူးယဉ်မှုတွေအပေါ် တည်ဆောက်ထားတာ မဟုတ်ဘဲ အဲဒီအစား ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိပြီး ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတွေ၊ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကာကွယ်နိုင်စွမ်းရှိတဲ့အပြင် အားလုံးအတွက် အကျိုးရှိစေမဲ့ အားကောင်းမောင်းသန် အင်အားချိန်ခွင်လျှာတခု ဖြစ်ပေါ်လာစေဖို့ ပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေအပေါ် အခြေခံထားတယ်လို့ သူက ဆက်ပြောပါတယ်။
ခုချိန်ဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးကဏ္ဍဟာ အီရန်စစ်ပွဲရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်ပါ။
အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံနဲ့ တရုတ်ပြည်မကြီးအစိုးရတို့အကြား ပင်လယ်ရေပြင်ဆိုင်ရာ တင်းမာမှုတွေကလည်း လုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ ဒီဖိုရမ်မှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းရင်းတခု ထပ်တိုးလာစေခဲ့ပါတယ်။
Source: Reuters











