
၂၀၁၁ ခုနှစ် “အာရပ်နွေဦးတော်လှန်ရေး” အပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို အတိုင်းအတာ တခုအထိ ရရှိခံစားခဲ့ရတဲ့ တူနီးရှားနိုင်ငံက သတင်းထောက်တွေဟာ ခုတော့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် ထောင်ကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သတိကြီးကြီးထားပြီး လှုပ်ရှားနေကြရပါတယ်။
အာဏာရှင် ဇိုင်း အယ်လ်-အဘီဒီးန် ဘင်အလီကို ၂၀၁၁ ခုနှစ်မှာ ဖြုတ်ချလိုက်လို့ တူနီးရှား မီဒီယာလောက လွတ်လပ်မှုရခဲ့ပေမဲ့ ဆယ်စုနှစ် တခုအကြာ သမ္မတ ခိုက်ဆာယက်ဒ်က အာဏာ တွေကို ကျယ်ကျယ်ပြန့်ပြန့် သိမ်းယူလိုက်လို့ ရထားပြီးသား အကျိုးကျေးဇူးတွေ တဖြည်းဖြည်း ပျက်ပြားလာပါတယ်။
ခုတော့ လွတ်လပ်တဲ့ မီဒီယာတွေ အပြင်းအထန် ဖိနှိပ်ခံနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာ တူနီးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အဆင့်ပေါင်း ၅၀ ကျော် ကျဆင်းသွားပြီး အဆင့် ၁၃၇ နေရာဆီ ရောက်သွားပါတယ်။
လွတ်လပ်တဲ့ မီဒီယာနဝက်တ်ရဲ့ အယ်ဒီတာချုပ် အိုင်မန်ရက်ဇ်ဂွီက “ကျနော်တို့ဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းကွင်းတခုလို ပြောင်းလဲနေတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရပြီး နေ့စဉ်နဲ့အမျှ အဲဒီအတွက် ပေးဆပ်နေကြရပါတယ်” လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်မတိုင်မီက ကန့်သတ်ချက်တွေက ရှင်းလင်းပြတ်သားခဲ့ပေမဲ့ လက်ရှိမှာ မရေမရာဖြစ်နေတဲ့ အခြေအနေကို နှိုင်းယှဉ်သုံးသပ်ပြောဆိုခဲ့ပါတယ်။
သတင်းရေးသားဖော်ပြချက်တွေ ဒါမှမဟုတ် လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်တွေကြောင့် သတင်းထောက် ၂၀ လောက်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ၄ ယောက် ထောင်ဒဏ်ကျခံနေရတာပါ။
ဒီအခြေအနေမျိုးက အရင်က မကြုံဖူးတဲ့ အခြေအနေဖြစ်တယ်လို့ တူနီးရှား သတင်းထောက်များ အသင်းချုပ် ဥက္ကဋ္ဌ ဇီဒ်ဒါဘာက ပြောပါတယ်။
သမ္မတကတော့ သူဟာ အာဏာရှင်တယောက် မဟုတ်ဘဲ သတင်းထောက်တွေအနေနဲ့ အာဏာပိုင်တွေကို ဝေဖန်ပိုင်ခွင့်ရှိပြီး မကြာခဏလည်း ဝေဖန်လေ့ရှိတယ်လို့ ပြောပါတယ်။
တရားစွဲဆိုမှုတွေက ဘက်မလိုက် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေသာဖြစ်ပြီး ဘယ်သူမှ ဥပဒေအထက်မှာ မရှိဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
တူနီးရှားဝန်ကြီးချုပ်ရုံးရဲ့ သတင်းပြန်ကြားရေးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Source: Reuters











