
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ကရင်စုရပ်ကွက်မှာရှိတဲ့ ကုန်လှောင်ရုံမှာ မေ ၁၂ ရက် ညနေ ၄ နာရီခွဲလောက်က မီးလောင်ကျွမ်းခဲ့လို့ ဘတ် ၁၀ သန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
မီးစလောင်တဲ့အချိန်မှာ ဒေသတွင်း မီးသတ်ကား အင်အား မလုံလောက်တာကြောင့် ဂိုဒေါင်ထဲမှာ သိုလှောင်ထားတဲ့ ကားတာယာတွေ၊ ဓာတ်မြေဩဇာတွေ၊ အက်ဆစ်ပုံးတွေနဲ့ ပိုးသတ်ဆေးတွေ အပြင် ဘီယာနဲ့ အချိုရည်တွေပါ မီးထဲပါသွားတာကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ ဘတ်ငွေ ၁၀ သန်းလောက် ရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
ဘုရားသုံးဆူမြို့မှာ မီးသတ်ကား အင်အားနည်းနေတဲ့အတွက် လက်လှမ်းမီသမျှ ရေပိုက်တွေ၊ ရေပုံးတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
ဂိုဒေါင်အတွင်းက မီးကိုတော့ မနိုင်ခဲ့ပေမဲ့ အနီးအနားက အိမ်တွေကို မီးမကူးစက်အောင် တားဆီးနိုင်ခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။










