
မနက်ခင်းရဲ့ ဆီးနှင်းမြူဖျော့ဖျော့တို့က ထိုင်း-မြန်မာနယ်စပ်ရဲ့ တောတောင်အထပ်ထပ်ကြားမှာ ရစ်သိုင်းလို့ထားပါတယ်။ နေရောင်ခြည်က သစ်ပင်ကြီးတွေရဲ့ အရွက်ဖားဖားတွေကြားကနေ မြေပြင်ပေါ်ကို အလင်းစက်လေးတွေအဖြစ် လျှံကျနေပါတယ်။
လူသူအရောက်အပေါက်နည်းလှတဲ့ ထိုင်းနိုင်ငံဘက်အခြမ်းက တနေရာမှာတော့ တဲအိမ်လေးတွေဟာ တခုနဲ့တခု မှီတွယ်ရင်း ခပ်ဝှက်ဝှက်ကလေး တည်ရှိနေကြပါတယ်။ ဒီတဲအိမ်လေးတွေဟာ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး စစ်မီးလျှံတွေကြားကနေ အသက်လု ပြေးလာခဲ့ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ယာယီခိုလှုံရာ နေရာလေးပါ။
တိတ်ဆိတ်လွန်းတဲ့ မနက်ခင်းလေးထဲဆီကို ရုတ်တရက်ဆိုသလို ကားအင်ဂျင်စက်သံတွေ ဝင်ရောက်လာပါတယ်။
မကြာခင်မှာပဲ ကားနှစ်စီးဟာ တဲအိမ်လေးတွေ ရှိရာဆီကို ဦးတည်မောင်းနှင်လို့ လာခဲ့ပါတယ်။ ကားနှစ်စီးရဲ့ စက်သံပြင်းပြင်းကလွဲရင် ပတ်ဝန်းကျင်တခုလုံးမှာ တခြားဘာအသံမှ မကြားရပါဘူး။
ကားသံကြောင့် တဲအိမ်လေးတွေရဲ့ ကြားကနေ စိုးရိမ်စိတ်၊ မျှော်လင့်ချက်စိတ်တွေ ရောပြွမ်းနေတဲ့ မျက်ဝန်းအစုံတချို့က ချောင်းမြောင်းကြည့်ရှုလာကြပါတယ်။ သိပ်မကြာခင်မှာပဲ တဲအိမ်လေးတွေထဲကနေ လူတယောက်စ၊ နှစ်ယောက်စက ဝင်လာတဲ့ ကားနှစ်စီးကို အိမ်အပြင်ဘက်ကို ထွက်လို့ကြည့်ကြပါတော့တယ်။
ထွက်ကြည့်တဲ့သူတွေရဲ့ မျက်နှာပေါ်မှာ “ငါတို့ဆီကို ဘယ်သူတွေများ လာကြတာလဲ” ဆိုတဲ့ မေးခွန်းတွေ၊ “ငါတို့ကို ဖမ်းဆီးမယ့်သူတွေလား၊ ဒါမှမဟုတ် ကူညီမယ့်သူတွေလား” ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက အထင်းသား ရေးခြစ်လို့ထားဆဲ။
ဒီနေရာလေးက သူတို့ရဲ့ ဘဝတွေကို ခေတ္တခဏ ကွယ်ဝှက်ဖုံးကာပေးထားတဲ့နေရာ၊ နေ့ရက်တိုင်းကို စိုးရိမ်စိတ်တဝက်နဲ့ ဖြတ်သန်းနေရတဲ့ စစ်ရှောင်စခန်းလေးတခုပဲ ဖြစ်ပါတော့တယ်။
ကားတံခါးတွေ ဂျိမ်းခနဲ ပွင့်သွားတဲ့အချိန် ကားပေါ်က ဆင်းလာတဲ့သူတွေက အနောက်တိုင်းသား ပရဟိတသမားတွေ ဖြစ်ပါတယ်။
သူတို့တွေက အဝေးကြီးကနေ လာကြတာ။ အမေရိကန်နိုင်ငံကနေ တကူးတက လာတဲ့သူတွေရော၊ အလယ်ပိုင်းအမေရိကဒေသကနေ လာတဲ့ အသားညိုညို လူချို့လည်း ပါကြတယ်။ တကယ်တော့ မြေချင်း ဝေးလှပေမဲ့ နှလုံးသားချင်း ထပ်တူကျလို့သာ အခုလို တောတောင်တွေကြားထဲက တဲလေးတွေဆီ အရောက်လှမ်းလာကြတာလို့ဆိုရမှာပါ။
သူတို့ လာရတဲ့ အကြောင်းရင်းကလည်း တခြားမဟုတ်ပါဘူး။ စစ်ဘေးဒဏ်ကြောင့် အမိုးအကာမဲ့နေပြီး မိုးရာသီ ရောက်ရင် ယိုင်နဲ့နဲ့ ဖြစ်တော့မဲ့ စစ်ရှောင်တဲအိမ်လေးတွေကို ဝိုင်းပြီး ပြုပြင်မွမ်းမံပေးဖို့အတွက်ပါ။
စခန်းထဲကို ခြေချမိချိန်မှာပဲ အနောက်တိုင်းသား လူငယ်အဖွဲ့ဟာ ဝါးလုံးတွေ၊ ဝါးကပ်တွေ၊ တူနဲ့ သံမှိုတွေကို တက်တက်ကြွကြွနဲ့ မနားတမ်း သယ်ကြတော့တာပဲ။
သိပ်တောင်မကြာလိုက်ပါဘူး။ စောစောကမှ လေတိုးသံတောင် မကြားရလောက်အောင် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ စစ်ရှောင်စခန်းလေးတခုလုံး ရုတ်ခြည်းဆိုသလို သက်ဝင်လှုပ်ရှားပြီး ဆူညံသွားပါတော့တယ်။
“ဒေါက်... ဒေါက်... ဒေါက်... ချောက်…” ဆိုပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ တူရိုက်သံတွေ၊ ဝါးခြမ်းစိတ်သံတွေဟာ တောအုပ်လေးထဲမှာ ပဲ့တင်ထပ်သွားတာပေါ့။ အလုပ်လုပ်ရင်း အချင်းချင်း စကားပြောနေကြတဲ့ နိုင်ငံခြားသားတွေရဲ့ အသံတွေနဲ့ စည်ကားသွားတော့တာပါပဲ။
စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်စခန်းလေးထဲမှာ နွေးထွေးတဲ့ လူသားချင်းစာနာမှု အငွေ့အသက်တွေနဲ့အတူ တူရိုက်သံတွေက တက်ကြွစွာ ဆူညံနေခဲ့ပါတယ်။ စစ်ရှောင်ပြည်သူတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးရိပ်လေးတွေ ထွက်ပေါ်လာကြပါတယ်။
အနောက်တိုင်းသား လူငယ်တွေ တူကို တဒေါက်ဒေါက်နဲ့ စည်းချက်ကျကျ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ထုရိုက်နေတာကို ဘေးကနေ ကြည့်နေတဲ့ စစ်ရှောင်တွေနဲ့ ကျနော်ပါ သတိထားမိကြတယ်။ တူ တချက်ရိုက်လိုက်တိုင်း သံမှိုက ဝါးလုံးထဲကို တည့်တည့်မတ်မတ်နဲ့ တချက်တည်း တန်းတန်းမတ်မတ် ဝင်သွားတာ။
အနားမှာရှိနေတဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ကို လှမ်းပြီး စကားစလိုက်မိတယ်။ “သူတို့တွေက တူကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်ကြတာပဲနော်”
ကျနော့်စကားကို ကြားတော့ အဖွဲ့ခေါင်းဆောင်က လူငယ်တွေကို လှမ်းကြည့်ပြီး ဂုဏ်ယူတဲ့ အပြုံးနဲ့ ခေါင်းညိတ်ပြတယ်။ ပြီးတော့ သက်ပြင်းတချက် ခပ်ဖွဖွချရင်း အခုလိုပဲ ရှင်းပြရှာပါတယ်။
“သူတို့က အတွေ့အကြုံရှိပြီးသား သူတွေပါ။ ‘နီကိုးလ်လတ်’ က လူတွေအတွက် အိမ်ပေါင်း ၅၀၀ လောက်ကို သူတို့လက်နဲ့ပဲ ဆောက်ခဲ့ကြတာလေ။ တကယ်တော့ သူတို့ဆီမှာလည်း နိုင်ငံရေးက မကောင်းဘူး။ သမ္မတကလည်း မကောင်းဘူး”
အဖွဲ့ခေါင်းဆောင်ရဲ့ စကားကို ကြားလိုက်ရတဲ့အချိန်မှာ တမျိုးကြီး ခံစားလိုက်ရတယ်။ ကမ္ဘာကြီးရဲ့ တဖက်ခြမ်းက ‘နီကိုးလ်လတ်’ ဆိုတဲ့ ဒေသမှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဒုက္ခရောက်နေကြတာပါပဲလား ဆိုတာ သိလိုက်ရပါတယ်။
အိုးအိမ်မဲ့၊ နေစရာမရှိဘဲ ဒုက္ခရောက်နေသူတွေအတွက် သူတို့တွေဟာ အိမ်ပေါင်းများစွာကို ကိုယ်တိုင်ကိုယ်ကျ ဆောက်လုပ်လှူဒါန်းပေးခဲ့ကြဖူးတာကိုး။ သူတို့လည်း ကျနော်တို့လို နိုင်ငံရေး မကောင်း၊ အုပ်ချုပ်သူ မကောင်းလို့ သောကရောက်ခဲ့ကြရတာချင်း တူနေတာကိုး။ ကိုယ်တိုင်လည်း ဒုက္ခကြုံခဲ့ဖူးတော့ အခုလို အဝေးကြီးက စစ်ရှောင်တွေရဲ့ ဘဝကို ပိုပြီး စာနာနားလည်နိုင်ကြတာ ထင်ပါရဲ့။
ဒေသချင်း မတူကြပေမဲ့ နိုင်ငံရေးမကောင်းတဲ့ ဒဏ်ရာချင်း တူနေတဲ့အတွက်ကြောင့်ပဲ စစ်ရှောင် တဲအိမ်လေးတွေကို သူတို့တွေဟာ ကိုယ့်အိမ်ကိုယ့်ရာလို သွေးချင်းသားချင်းစိတ်အပြည့်နဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောက်လုပ်ပေးနေကြတာကိုး။
‘နီကိုးလ်လတ်’ က လူတွေအတွက် နေအိမ်ပေါင်းများစွာ ဆောက်လုပ်ပေးခဲ့တဲ့ အတွေ့အကြုံရင့်တွေ ဆိုတော့လည်း လက်ရာက တကယ့်ကို အထာကျလှပါတယ်။ မြန်မာပြည်ကနေ စစ်ဘေးဒဏ်ကြောင့် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခိုလှုံလာကြရတဲ့ စစ်ရှောင်တွေ နေထိုင်ဖို့အတွက် သူတို့ခမျာ မျက်နှာပေါ်က ချွေးတွေ တဒီးဒီးကျနေတာတောင် မပင်မပန်း၊ မညည်းမညူဘဲ အားသွန်ခွန်စိုက်ကို ဆောင်ရွက်ပေးနေကြတာ။
တဲအိမ်လေးတွေရဲ့ အကာကို ခိုင်ခံ့အောင် ပထမဆုံး အောက်ခံတန်းတွေကို အရင်ရိုက်ဖို့ လုပ်ကြတယ်။ အလုပ်လုပ်ရင်းနဲ့ စိုက်ထားတဲ့ တိုင်က နည်းနည်းကြီးနေတော့ ရိုက်မဲ့သံက တိုနေတာပေါ့။ ဒါနဲ့ပဲ အပေါ်ကလူက အောက်ကို ငုံ့ကြည့်ပြီး အသံရှည်ကြီးနဲ့ “သံအရှည်... သံအရှည်” ဆိုပြီး လှမ်းတောင်းတော့တာပဲ။
ပထမပိုင်းမှာတော့ အလုပ် သေချာစေချင်လို့ ထင်ပါရဲ့။ တန်းတွေကို ရေချိန်တံလေးနဲ့ သေသေချာချာလေး အတိအကျ ချိန်တွက်ပြီးမှ “ဒီနေရာကို ရိုက်တော့”ဆိုပြီး သံမှိုကို နစ်ဝင်သွားအောင် ဒုန်းခနဲ ထုနှက်လိုက်ကြတာ။
ဒါပေမဲ့ လက်ရည်က ဝနေပြီးသား၊ အိမ်ပေါင်းရာချီ ဆောက်ဖူးတဲ့ ဝါရင့်တွေဆိုတော့ သိပ်မကြာခင်မှာပဲ ရေချိန်တောင် ထုတ်မသုံးတော့ပါဘူး။ မျက်မှန်း၊ လက်မှန်းခြေလေးနဲ့တင် “ဟောဒီလို... ဟောဒီလို” ဆိုပြီး တန်းတွေကို တန်းနေအောင် တဒေါက်ဒေါက် ရိုက်သွားကြတာ။
ဒါက သူတို့တွေ လုပ်ငန်းခွင်မှာ ဘယ်လောက်တောင် ကျွမ်းကျင်နှံ့စပ်နေပြီလဲ ဆိုတာကို ပြလိုက်တာပဲပေါ့။
သူတို့တွေက အင်္ဂလိပ်စကားကို သိပ်မပြောကြဘူး။ သူတို့အချင်းချင်းကျတော့ သူတို့ဒေသစကားနဲ့ ပြောကြပြီး ကျနော်တို့နဲ့ကျတော့ သူတို့နဲ့အတူပါလာတဲ့ အဖွဲ့ခေါင်းဆောင်ကပဲ ကြားထဲကနေ ဘာသာပြန်ပေးတယ်။
ဘာသာစကား မတူတာက သူတို့အတွက် အဟန့်အတား မဖြစ်ပါဘူး။ အလုပ်လုပ်တဲ့ နေရာမှာတော့ ခြေဟန်လက်ဟန် ပြပြီး “Small nail, Big nail” လောက်ပဲ ပြောဆိုပြီး တယောက်နဲ့တယောက် အပေးအယူတည့်တည့်နဲ့ အလုပ်တွေကို တွင်တွင်ကျယ်ကျယ် လုပ်သွားကြတာပါ။
ဘာသာစကားချင်း မတူပေမဲ့ လူသားချင်းစာနာတဲ့ စိတ်ချင်း ထပ်တူကျနေတော့ ခြေဟန်လက်ဟန်လေးနဲ့တင် လုပ်ငန်းခွင်ကြီးက သက်ဝင်လှုပ်ရှားပြီး ပြီးမြောက်အောင်မြင်သွားခဲ့ပါတယ်။
သူတို့အကြောင်း တဆင့်ခံပြောပြသူရဲ့ စကားနဲ့ သတင်းတချို့လိုက်ရှာဖတ်ကြည့်မိတယ်။ နီကိုးလ်လတ် (နီကာရာဂွါ) ဆိုတဲ့ တိုင်းပြည်ဟာ အပေါ်ယံကြည့်ရင်တော့ ကာရစ်ဘီယံ ပင်လယ်ပြင်ကြီးနဲ့ နီးကပ်ပြီး သဘာဝအလှတရားတွေနဲ့ စိုပြည်နေသလိုပေါ့။
တကယ်တမ်းကျတော့ အဲဒီမြေပေါ်မှာ သွေးစွန်းခဲ့တဲ့ မျက်ရည်တွေက နည်းတာ မဟုတ်ဘူး။ ဆယ်စုနှစ်တခုမက အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ သမ္မတနဲ့ သူ့ရဲ့အသိုက်အဝန်းဟာ တိုင်းပြည်ကို အမှောင်ချပစ်ခဲ့ကြတာလေ။
အာဏာရှင်ဆိုတာ အမျိုးအစားပဲ ကွဲချင်ကွဲမယ်၊ သူတို့လုပ်ရပ်ကတော့ တကမ္ဘာလုံးမှာ ထပ်တူပါပဲ။ ခုံမင်တဲ့အာဏာ တည်မြဲဖို့အတွက်ဆိုရင် တိုင်းပြည် ချာချာလည်အောင် ပျက်စီးသွားပါစေ၊ ပြည်သူတွေ ဘဝပျက်ပါစေ၊ ဂရုမစိုက်တတ်ကြတာ အဲဒီ နီကိုးလ်လတ်မှာလည်း အတူတူပါပဲ။
အဆိုးဆုံးကတော့ အဲဒီတိုင်းပြည်မှာ အာဏာရှင်ကို ဆန့်ကျင်ပြီး အမှန်တရားဘက်က ရပ်တည်တဲ့သူ မှန်သမျှ ရန်သူလို့ သတ်မှတ်ခံရတာပဲ။ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေတင်မကဘူး။ နောက်ဆုံး ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် ဘုန်းတော်ကြီးတွေအထိပါ မတရား ဖမ်းဆီးထောင်ချတာ၊ နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ပြီး ပြည်နှင်ဒဏ်ပေးတာတွေအထိ လုပ်ခဲ့ကြတာ။
တိုင်းပြည်တခုလုံးမှာ အာဏာရှင်ကို ထောမနာပြုတဲ့အသံကလွဲရင် တခြားအသံမှန်သမျှ တိတ်ဆိတ်သွားအောင် လုပ်ပစ်ခဲ့တာပေါ့။
စီးပွားရေးကလည်း ကမောက်ကမဖြစ်၊ ကုန်ဈေးနှုန်းတွေကတက်၊ အိုးအိမ်မဲ့ဖြစ်သူကဖြစ်၊ အလုပ်အကိုင်တွေက ပျက်စီးကုန်တော့ ပြည်သူတွေမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့။
အဲဒီလို အခက်အခဲကြားထဲကနေ အသက်ရှင်သန်ဖို့အတွက် နီကိုးလ်လတ် ပြည်သူ သိန်းနဲ့ချီပြီး အမိမြေကို စွန့်ခွာ၊ သူစိမ်းပြင်ပနိုင်ငံတွေကို ထွက်ပြေး ခိုလှုံခဲ့ကြရတယ်။
ဒါကြောင့်လည်း အခု ထိုင်း-မြန်မာ နယ်စပ်ကို ရောက်လာတဲ့ လူငယ်တွေဟာ သူတို့ဆီမှာ နေစရာမရှိ၊ ဘဝပျက်သွားတဲ့ ဒုက္ခသည်တွေအတွက် အိမ်ပေါင်း ၅၀၀ ကျော်ကို ကိုယ်တိုင်ကိုယ်ကျ ဆောက်လုပ်လှူဒါန်းပေးရင်းနဲ့ သံမှိုရိုက်တာ၊ တူထုတာတွေကို ကျွမ်းကျင်ခဲ့ကြတာပေါ့။
သူတို့ဟာ ကိုယ်တိုင်လည်း နိုင်ငံရေးကြောင့် ဘဝနာခဲ့ဖူးတယ်၊ အိုးအိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခကို ကောင်းကောင်းကြီး သိခဲ့ကြတာကိုး။
ဟောဒီ ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်စခန်းလေးကို ရောက်တဲ့အခါ မြန်မာစစ်ရှောင်တွေကို မြင်တော့ သူတို့ရဲ့ ရင်ဘတ်ချင်းက ချက်ချင်း ထပ်တူကျသွားတာ ထင်ပါရဲ့။ ဘာသာစကား မတူပေမဲ့ အာဏာရှင်ကြောင့် ဒုက္ခရောက်ရတဲ့ ဘဝချင်း တူနေတော့ သူတို့တွေဟာ ကိုယ့်အိမ်ကိုယ့်ရာကို ဆောက်ပေးနေသလိုမျိုး ဝိုင်းဝန်းလုပ်ကိုင်ပေးနေကြတာ ဖြစ်ပါတယ်။
နေမြင့်လာတာနဲ့အမျှ စခန်းထဲက တူရိုက်သံတွေကလည်း ပိုပြီး သွက်လာတယ်။ ကမ္ဘာ့တဖက်ခြမ်းက ဒဏ်ရာချင်းတူတဲ့ လူသားတွေ အခုလို လာဆုံကြလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ။
ဒီနေ့ ကြားနေရတဲ့ တူရိုက်သံတွေဟာ စစ်ရှောင်တဲတွေကို ပြုပြင်ပေးနေရုံတင် မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖျက်ဆီးပစ်ခဲ့တဲ့ စစ်ရှောင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကိုပါ ပြန်ပြီး ခိုင်ခံ့အောင် ရိုက်နှက်ပေးနေသလိုပါပဲ။ ဘာသာစကား မတူပေမဲ့ လူသားချင်းစာနာတဲ့ ဒီတူရိုက်သံတွေကတော့ စစ်ရှောင်စခန်းလေးထဲမှာ နွေးထွေးစွာနဲ့ ဆက်ပြီး ပဲ့တင်ထပ်နေဦးမှာ ဖြစ်ပါတော့တယ်။ ။










