
စစ်အာဏာရှင်အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်တာဝန်တွေ ပြန်ပေးလိုက်ပြီး ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ အစားထိုးလိုက်တယ်လို့ စစ်အာဏာရှင်အစိုးရက ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာ ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ပြီး ၂၀၂၃ မှာတော့ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေကို အခြေခံတဲ့ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာသူပါ။
အဲဒီနောက် ၂၀၂၆ မတ်လမှာ သူဟာ စစ်တပ် အရန်အင်အားကို ရောက်သွားပြီး ဧပြီမှာ ဖွဲ့တဲ့ စစ်အာဏာရှင် အစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
သူဟာ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို သွားတက်ပြီး တပတ်အကြာမှာပဲ ဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။











