
အမေရိကန်အစိုးရက ၂၀၂၇ ခုနှစ်အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကို စက်တင်ဘာ ၁၆ ရက် ရက်စွဲနဲ့ လွှတ်တော်ကို တင်သွင်း ထုတ်ပြန်လိုက်ပါတယ်။
သမ္မတထရမ့်ပ် လက်မှတ်ရေးထိုးထားတဲ့ မူးယစ်အစီအရင်ခံစာမှာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနဲ့ ဖြတ်သန်းရာ ၂၃ နိုင်ငံစာရင်းကို ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတို့ကို ပြီးခဲ့တဲ့ ၁၂ လတာ အချိန်အတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ အရှေ့အာရှနဲ့ ဆက်စပ်ဒေသတွင်းက တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းတို့ကို မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနဲ့ ဖြတ်သန်းရာ ၂၃ နိုင်ငံစာရင်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံကိုတော့ ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ပျိုးရာနဲ့ ဓာတုမူးယစ်ဆေး အဓိကထွက်ရှိရာ ဒေသတခုအဖြစ် ဖော်ပြထားတာပါ။
မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “သမ္မတထရမ့်ပ်က ၁၆ ရက်နေ့မှာ ထုတ်လိုက်တဲ့ မူးယစ်ဆေးဝါး အစီရင်ခံစာပေါ့၊ အဲဒါကကျတော့ အမေရိကန်နဲ့ အဆင်ပြေဖို့ မျှော်လင့်နေတဲ့ မြန်မာစစ်တပ်ရဲ့ အရှိုက်ကို ထိသွားစေသလို ဖြစ်တာပေါ့။ သူတို့ကို နှိပ်ကွပ်ထားတဲ့ အစီရင်ခံစာလို ဖြစ်တာပေါ့။ ဒီကြေညာချက်က မြန်မာစစ်တပ်ကို ဘယ်လိုမှ အထောက်အကူမပြုတာတော့ သေချာတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ ထပ်ပြီးတော့ ပိတ်ဆို့မှုတွေလုပ်မယ်၊ အိမ်နီးချင်း နိုင်ငံတွေကို ဖိအားပေးမယ်၊ အိမ်နီးချင်းနိုင်ငံဆိုတာ ဥပမာ ထိုင်းပေါ့နော်၊ ပြောရမယ်ဆိုရင် အခု ဒီစာရင်းထဲမှာ တရုတ်ကလည်း ဒီမူးယစ်ဆေးဝါးကိစ္စမှာ ရောင်းဝယ်ဖောက်ကားတဲ့ နိုင်ငံတွေထဲမှာ ပါနေတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်က ကိုယ်တိုင်စိုက်ပြီး မူးယစ်တွေ ထုတ်ပြီး ရောင်းနေတာ မဟုတ်ပေမဲ့ အဲဒီမူးယစ်ဆေးဝါးချက်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေ တရုတ်ကပဲဝင်တာ။ တရုတ်ကပဲဝယ်ကြတာ တကမ္ဘာလုံးက။ ဆိုတော့ အမေရိကန်အထိတောင် ရောက်တယ်လေ။ မက်သာဖက်တမင်းတို့ ဖန်တာနဲလ်တို့ ဘာတို့ ထရမ့်ပ်လည်း အကြိမ်ကြိမ် အမြဲတမ်းပြောတယ်။ အမေရိကန် နိုင်ငံရေးသမားတွေ ပါးစပ်ထဲမှာ ထပ်တလဲလဲ ပြောနေတဲ့ ဖန်တာနဲလ်ဆိုတာက တရုတ်က အများဆုံးထုတ်တာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့က ဦးဆောင်ပြီး အီးယူနဲ့ အင်အားကြီးနိုင်ငံတွေ ပူးပေါင်းပါဝင်တဲ့ လူဇွန်စီးပွားရေးစင်္ကြံ ရင်းနှီးမြှုပ်နှံမှုဖိုရမ် (Luzon Economic Corridor Investment Forum) ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဗဟိုပြုထားတဲ့ လူဇွန်စီးပွားရေးစင်္ကြံမှာ မဟာဗျူဟာမြောက် စီမံကိန်း ၃၈ ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံသူတွေက စုစုပေါင်း ဒေါ်လာ ဘီလီယံ ၂၀ ကျော် စုပေါင်းထည့်ဝင်ကြမှာ ဖြစ်ပါတယ်။
အဲဒါအပြင် သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၄ ရက်အထိ Palau နိုင်ငံ၊ ကိုရော်မြို့မှာ ကျင်းပခဲ့တဲ့ ၅၅ ကြိမ်မြောက် ပစိဖိတ်ကျွန်းစုများဖိုရမ် (Pacific Islands Forum) ခေါင်းဆောင်များ အစည်းအဝေးမှာ အဖွဲ့ဝင် ၁၈ နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်နိုင်ငံလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဒီဖိုရမ်တွေမှာ အမေရိကန်နဲ့ မိတ်ဖက်တွေက ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ရေး ဗျူဟာတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တဲ့အပြင် မူးယစ်ဆေးဝါး ကုန်ကူးတာတွေကို တိုက်ဖျက်မဲ့ ရေကြောင်းလုံခြုံရေး အထူးဦးစားပေးတဲ့ ဆွေးနွေးချက်တွေလည်း ရှိခဲ့တာပါ။
ပထဝီနိုင်ငံရေး၊ စီးပွားရေးသုံးသပ်သူ မွန်ဇင်က “ပစိဖိတ်ကျွန်းစုများဖိုရမ်နဲ့ လူဇွန်စီးပွားရေးစင်္ကြံမှာလည်း ဩစတြေးလျက မိတ်ဖက်အနေနဲ့ ပါဝင်နေတယ်ပေါ့။ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေကို တပြိုင်တည်း အာရုံစိုက်လာတာပေါ့၊ တချိန်တည်းလိုလိုမှာ ထွက်လာတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ သမ္မတရဲ့ ဆုံးဖြတ်ချက်ကိုလည်း သေသေချာချာ ပြန်ကြည့်ဖို့လိုပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကို စစ်အုပ်စုရဲ့လက်အောက်မှာ မူးယစ်ဆေးဝါး စီးပွားရေးကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်းမရှိဘူး ဆိုပြီးတော့ တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ အဓိကစောင့်ကြည့်ရမဲ့ မူဝါဒရေးရာ အစိတ်အပိုင်းကတော့ သမ္မတထရမ့်ပ်က ချမှတ်လိုက်တဲ့ ဥပဒေ Section 7063 A အောက်မှာ မြန်မာနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးကြီးတယ် ဆိုပြီးတော့ အမျိုးသားအကျိုးစီးပွား ကင်းလွတ်ခွင့် Wavier ဆက်ပြီး ပေးထားပါတယ်။ အစိုးရဌာနတွေရဲ့ လမ်းကြောင်းတချို့ မပိတ်အောင် အလုပ်လုပ်လို့ရအောင် ထုံးစံအတိုင်း လုပ်နေတာ ဖြစ်ပေမဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအောက်မှာ မြန်မာနိုင်ငံကို ဘယ်လိုသတ်မှတ်လာမလဲ ဆိုတာမျိုးပေါ့နော်။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးကို စသုံးလာပြီ ဖြစ်တဲ့အတွက် အဲဒါကိုလည်း တော်တော်လေး သတိထားရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုး ကလည်း “ပစိဖိတ်ကျွန်းစုများ ဖိုရမ်ပေါ့နော်၊ အမေရိကန်ရဲ့ ပူးပေါင်းပါဝင်မှုတွေမှာ မူးယစ်ဆေးဝါး ကုန်ကူးတာတွေကို တိုက်ဖျက်ဖို့ ရေကြောင်းလုံခြုံရေးတွေကို အထူးဦးစားပေးမယ် ဆိုတာတွေ ပါဝင်တယ်။ နောက်တခါ ဒေသတွင်း စွမ်းအင်လုံခြုံရေးနဲ့ ဒစ်ဂျစ်တယ် ချိတ်ဆက်မှုတွေကိုလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံသွားမယ် ဆိုတာမျိုးတွေ တွေ့ရတယ်။ အင်ဒို-ပစိဖိတ် ဒေသအတွင်းမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု ထင်ဟပ်နေတာ ဖြစ်တယ်။ ဒီလိုမျိုး အားပြိုင်မှုတွေကြားမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့က လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကျင့်သုံးနိုင်ဖို့ စဉ်းစားကြရမှာဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေက အမေရိကန်၊ ဒါမှမဟုတ် တရုတ်၊ တဖက်တည်းကိုပဲ ရွေးချယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီထက်ကို တော်လှန်ရေးအင်အားစုတွေက ဒေသတွင်းကို ပိုပြီးတော့မှ တည်ငြိမ်အောင် ထိန်းကျောင်းနိုင်တယ် ဆိုတာမျိုးတွေ ပြသနိုင်ဖို့ အင်မတန် အရေးကြီးတယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ နိုင်ငံတွေကို လူသားစာနာနဲ့ ဒီမိုကရေစီအရေး အထောက်အကူပြု လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ အမေရိကန်အစိုးရရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကင်းလွတ်ခွင့် (National Interest Waiver) ကို ဆက်လက်ထားရှိကြောင်း ဖော်ပြပါတယ်။
ပုံမှန်အားဖြင့် မူးယစ်ဆိုင်ရာ နာမည်ပျက် အသွင်းခံရတဲ့ နိုင်ငံတွေကို အမေရိကန်က အကူအညီပေးတာတွေ ရပ်ဆိုင်းလေ့ရှိပေမဲ့ ချွင်းချက်နဲ့ ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီအချက်ဟာ အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိပေမဲ့ အမေရိကန် အစိုးရနဲ့ ထိတွေ့ခွင့်ရဖို့ အားထုတ်နေတဲ့ စစ်အာဏာရှင်အတွက်လည်း လမ်းကြောင်းတစုံတရာ ရသွားနိုင်တာမျိုး ဖြစ်တဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ











