အမေရိကန်ပြည်ထောင်စုဟာ မူးယစ်ဆေးဝါး အဓိက ကူးသန်းရောင်းဝယ်ရာ သို့မဟုတ် ထုတ်လုပ်ရာ နိုင်ငံများစာရင်းမှာ မက္ကဆီကိုနိုင်ငံကို ဆက်လက်ထည့်သွင်းထားတဲ့အတွက် စက်တင်ဘာ ၁၇ ရက်မှာ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ သူ့အစိုးရရဲ့ ရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံဘက်က ထိထိရောက်ရောက် ဆောင်ရွက်နေတယ်လို့ သမ္မတ ရှိန်းဘောင်းမ်က သူ့ရဲ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပြီး မကြာသေးခင်ကပဲ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ မြို့နယ်အရာရှိတယောက်ကို စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မက္ကဆီကိုက ရာဇဝတ်ဂိုဏ်းတွေဆီမှာ အပြင်းစားလက်နက်တွေ ရှိနေတာဟာ အမေရိကန်ဘက်က တရားမဝင် ဝင်ရောက်လာတာကြောင့်ဖြစ်လို့ အမေရိကန်ဘက်ကလည်း လက်နက်မှောင်ခိုကိစ္စကို ပိုပြီး အလေးထား ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်မှာ အကိုက်အခဲပျောက်ဆေးတွေကနေ ဖန်တာနဲလ် သုံးစွဲမှု အသွင်ပြောင်း မြင့်တက်လာတာကိုလည်း ထောက်ပြပြီး အမေရိကန်အတွင်းက မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေကို တားဆီးဖို့ ဘာတွေလုပ်ဆောင်နေသလဲလို့ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့ဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မူးယစ်ဆေးဝါး အဓိကသယ်ယူရာနဲ့ ထုတ်လုပ်ရာနိုင်ငံများစာရင်းမှာ မက္ကဆီကိုနိုင်ငံကို ဆက်လက်ထည့်သွင်းခဲ့ပြီး မူးယစ်ဂိုဏ်းတွေနဲ့ ပူးပေါင်းနေတဲ့ အကျင့်ပျက်ခြစားသူ အရာရှိတွေကို ဖော်ထုတ်၊ ဖမ်းဆီး၊ အရေးယူဖို့နဲ့ ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတွေကို ပိုမို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းမ်ရဲ့ ပြောကြားချက်တွေ ထွက်ပေါ်လာတာပါ။
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မက္ကဆီကိုဟာ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းပါဝင်မှုကို ပိုမိုရယူပြီး ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ စစ်ဆေးရေးတွေကို သိသိသာသာ တိုးမြှင့်ခြင်းအားဖြင့် ထောက်ပံ့ရေးကွင်းဆက်ရဲ့ လုံခြုံစိတ်ချရမှုကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မက္ကဆီကိုရဲ့ လက်ရှိ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ရင်းနှီးမြှုပ်နှံမှုကလည်း မူးယစ်အကြမ်းဖက်သမားတွေ၊ သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ ရာဇဝတ်ကွန်ရက်တွေကို ဆက်လက် တိုက်ဖျက်သွားဖို့အတွက် မလုံလောက်ပါဘူးလို့လည်း ဆိုပါတယ်။
Source: Reuters











