
အီရန်စစ်ပွဲမှာ အမေရိကန်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေက ပြောပါတယ်။
တိုက်ခိုက်မှု ၂ ခုက အရပ်သား ၁၇၇ ယောက်ထက်မနည်း သေဆုံးခဲ့တာက စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာကို ပြသဖို့ ကျိုးကြောင်းဆီလျော်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလက အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ မီနပ်ဘ်မှာရှိတဲ့ မူလတန်းကျောင်းတခုနဲ့ လာမာ့ဒ်မှာရှိတဲ့ အားကစားရုံတခုတို့ ထိမှန်ခဲ့တဲ့အကြောင်း အီရန်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ အရပ်သားတွေရဲ့ အဆောက်အအုံတွေကို သေကျေပျက်စီးလိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို ထိုးစစ်စတင်ခဲ့တာဖြစ်ပြီး တိုမာဟော့ခ် ဒုံးကျည်တွေနဲ့ မီနပ်ဘ်မှာရှိတဲ့ အခြေခံကျောင်းကို ပစ်ခတ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ ကလေး ၁၂၀ အပါအဝင် လူ ၁၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
လာမာ့ဒ်ကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က ငြင်းဆိုထားကာ မီနပ်ဘ် တိုက်ခိုက်မှုကိုလည်း စုံစမ်းနေတယ်လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်က အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယုံကြည်ရတဲ့ အထောက်အထား မပြနိုင်ဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးပညာရှင်တွေရဲ့ ဖော်ပြချက်ထဲမှာ အီရန်နိုင်ငံကလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အီရန်ဆန္ဒပြပွဲတွေ ဖြစ်ချိန်တုန်းက ပြည်နယ် ၃၁ ခုလုံးမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်နှိမ်နင်းမှုတွေက ထိတ်လန့်စရာကောင်းပြီး မကြုံဘူးတဲ့အကြောင်းလည်း ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်က အရင်က ငြင်းဆိုခဲ့ဖူးပြီး လက်ရှိအစီရင်ခံစာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။











