
စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တားမြစ်မှုတွေကြောင့် တော်လှန်ရေးစိုးမိုးနယ်မြေတချို့မှာ ကျောင်းနေအရွယ် ကလေးငယ်တွေဟာ ပညာသင်ကြားခွင့် ကန့်သတ်ခံနေရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေအများအပြား ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်း၊ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေအပါအဝင် တခြားဒေသက တော်လှန်ရေး စိုးမိုးနယ်မြေတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေပါတယ်။
စစ်အာဏာရှင်ရဲ့ တပ်ရင်း၊ တပ်မတွေနဲ့ နီးတဲ့ ကျေးရွာတွေကိုတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ပါရာမော်တာနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် စာသင်ကျောင်းတွေဟာ ပုံမှန် အချိန်ပြည့်ဖွင့်လှစ်နိုင်တာ မဟုတ်ဘဲ မြေပြင်အခြေအနေကိုလိုက်ပြီး ဖွင့်လိုက် ပိတ်လိုက်နဲ့ စာသင် ကြားနေရတာပါ။
ဒါပေမဲ့ ကလေးတွေရဲ့ ပညာရေးရပ်သွားမှာ စိုးရိမ်တဲ့အတွက် မိဘတွေမှာ အန္တရာယ်ကို စိတ်ပူတဲ့ ကြားကပဲ ကျောင်းဖွင့်တဲ့အချိန်မှာ ကိုယ့်သားသမီးကို စာသင်ကျောင်းရောက်အောင် ပို့နေကြ ရပါတယ်။
မုံရွာမြို့နယ် ကျောင်းသားမိဘတယောက်က “ဘယ်တော့ ပြန်ဖွင့်မလဲဆိုတော့ အခုလောလောဆယ် တော့ မပြောသေးတော့၊ ရွာကလည်း ဟိုတလောကမှ ပြန်ကပ်လာတာ၊ ရွာကလည်း ဟိုတလောက မှ ပြန်ကပ်လာတာ၊ ဆရာမတွေက ကျောင်းသူကျောင်းသားတွေကို မလာသေးနဲ့ဆိုပြီး ပြောလွှတ်လိုက်တာလေ၊ တကယ်လို့ ကျောင်းဖွင့်ရင်လည်း မထည့်ရဲသေးဘူး အပေါ်က ကြောက်နေ ရတာလေ။ စစ်ကြောင်းကလာတော့ ပြေးလိုက်၊ ဖွင့်တော့လည်း ပြန်တက်လိုက်ပေါ့။ ဆရာ သမီးတကယ်လို့ အပေါ်က လာရင်လည်း ဆရာမပြောတဲ့ စကားနားထောင်လို့ သူတို့ပြေးရင် ပြေးပေါ့လို့ အဲ့တိုင်းသားလုပ်တော့ သမီးရယ်လို့ မှာလိုက်ရတာ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ဒေသတွေက တချို့ကျောင်းသားမိဘတွေဟာ သူတို့ရဲ့ ကလေး တွေကို စစ်အာဏာရှင်တပ် စိုးမိုးထားတဲ့ ဒေသတွေက စာသင်ကျောင်းတွေမှာ ကျောင်းသွား ထားကြတာတွေလည်း ရှိနေပါတယ်။ အဲဒီလို ထားရာမှာ သက်ဆိုင်ရာနယ်မြေက တော်လှန်ရေး အဖွဲ့တချို့က လုံခြုံရေးအကြောင်းပြချက်နဲ့ တားမြစ်တာတွေ ရှိပါတယ်။
ဒီအခြေအနေတွေကြောင့် ကျောင်းသား မိဘတွေက သူတို့ သားသမီးတွေရဲ့ ပညာရေးအတွက် စိုးရိမ်နေရသလို ပညာရေး ကန့်သတ်ခံနေရတယ်လို့ ဝေဖန်မှုတွေလည်း မြင့်တတ်နေပါတယ်။
အခုလို ပညာရေး ကန့်သတ်ခံနေရတာတွေနဲ့ ပတ်သက်လို့ CDM ပါမောက္ခတယောက်ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ ပညာရေး လွတ်လပ်ခွင့်ရှိဖို့ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
CDM ပါမောက္ခ ဦးသန်းလွင်ဦးက “တော်လှန်ရေး အရှိန်မြင့်နေတဲ့ အချိန်မှာ စကစကျောင်းတွေကို သပိတ်မှောက်တာကိုတော့ မပြောလိုဘူး၊ ကျနော်ကတော့ ပညာရေး လွတ်လပ်ခွင့်ဆိုတဲ့ Academic freedom ကိုပဲ လက်ကိုင်ထားတယ် ယုံကြည်တယ်။ ကျနော်တို့က ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို သွားနေတယ်၊ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာတောင် ပညာရေး လွတ်လပ်ခွင့်ကိုတောင်မှ အာမခံချက်မပေးနိုင်တဲ့ အသိအမှတ်မပြုနိုင်တဲ့ အဖွဲ့အစည်းက ဒါဒီမိုကရေစီကို ဘယ်လောက်ပဲ ထူထောင်မယ်လို့ ပြောပြော ဒီမိုကရေစီကို အန္တရာယ်ပေးမဲ့ အုပ်စုပဲလို့ ကျနော်ကတော့ မြင်တယ်” လို့ ပြောပါတယ်။
တော်လှန်ရေးနယ်မြေက ကျောင်းသားတွေ ဘာကြောင့် စစ်တပ်ထိန်းချုပ်နယ်မြေက ကျောင်းတွေ မှာ သွားတက်နေရတာပါလဲ။
DVB က မေးမြန်းခဲ့တဲ့ တော်လှန်ရေးနယ်မြေက ကျောင်းသားမိဘတွေကတော့ တော်လှန်ရေး တပ်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့်သာ ကလေးတွေဟာ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့် မရတဲ့အတွက် စစ်အာဏာရှင် လက်အောက်ခံကျောင်းတွေကို သွားတက်ကြရတဲ့ အခြေအနေတွေဖြစ်နေရတာလို့ ဆိုပါတယ်။
မကွေးတိုင်း ကြားကာလပညာရေးက တာဝန်ခံ ဆရာတယောက်ကလည်း စစ်တပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်သာ ဒီလိုအခြေအနေတွေ ဖြစ်လာ ရတယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ပညာရေး တာဝန်ခံက “တော်လှန်ရေးဘက်မှာ လုံခြုံရေးအရ စည်းပေါက်မှာဆိုးလို့ ထိန်းကျောင်းတဲ့ အခြေအနေရှိတယ်။ ဒါကိုကျတော့ ကျနော်တို့ Highlight လုပ်ပြီး ပညာရေး လွတ်လပ်ခွင့်မရှိဘူး မရှိဘူးဆိုတဲ့ ပေတံနဲ့တိုင်းတယ်။ ဒါဆို စစ်ကောင်စီအနေနဲ့ စာသင်ကျောင်း တွေကို ဗုံးမကြဲပါဘူးဆိုတဲ့ အာမခံလိုက်လေ။ ဒါဆို ကျနော်တို့က အဲ့ဒီစစ်ကောင်စီရဲ့ ပညာရေးထက် မသာရင်သာနေမယ်၊ အဲ့ဒီထက် လုံးဝမနိမ့်အောင်သင်ကြားနိုင်တဲ့ လူသားအရင်းအမြစ်လည်းရှိမယ်၊ သင်ပေးနိုင်တဲ့ အရည်အချင်းလည်း ကျနော်တို့မှာ အပြည့်အဝရှိပါတယ်၊ အဓိကကတော့ တော်လှန်ရေး လုပ်နေတဲ့ ကာလမလို့ ဒီလိုအခြေအနေဖြစ်တာပါ” လို့ ပြောပါတယ်။
အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်က နိုင်ငံအနှံ့က စာသင်ကျောင်းပေါင်း ၅၀၂ ကျောင်းကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ သိရပါတယ်။
သီရိ










