
ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ မှတ်ပုံတင်(မိတ္တူ) နဲ့ သန်းခေါင်စာရင်း(မိတ္တူ) ပူးတွဲပေးပို့ခြင်း မရှိပါက လက်ခံ ဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဒီကနေ့ စက်တင်ဘာ ၂၄ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
တိုကျိုမြို့အခြေစိုက် စစ်အာဏာရှင်လက်အောက်ခံ သံရုံးဟာ ဂျပန်နိုင်ငံကို ရောက်ရှိ နေထိုင်ပြီး အလုပ်လုပ်နေကြသူ မြန်မာနိုင်ငံသားတွေအတွက် ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို လူကိုယ်တိုင် ဒါမှမဟုတ် မြန်မာသံရုံးလိပ်စာနဲ့ စာတိုက်ကနေ ပေးပို့လာတာကို လက်ခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လျှောက်ထားရာမှာ မှတ်ပုံတင်(မိတ္တူ) နဲ့ သန်းခေါင်စာရင်း (မိတ္တူ) ကို ပူးတွဲပေးပို့ လျှောက်ထားရမယ်လို့ မြန်မာသံရုံးက ပြောပါတယ်။
စာတိုက်ကနေ ပေးပို့ လျှောက်ထားသူတွေ အနေနဲ့ မှတ်ပုံတင်(မိတ္တူ) နဲ့ သန်းခေါင်စာရင်း(မိတ္တူ) ပူးတွဲပေးပို့ခြင်း မရှိရင်တော့ အချက်အလက် မပြည့်စုံတဲ့ လျှောက်လွှာအဖြစ် သတ်မှတ်ပြီး လက်ခံ ဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း လျှောက်ထားသူထံ ပြန်လည်ပေးပို့သွားမယ်လို့ မြန်မာသံရုံးက သတိပေးထားပါတယ်။











